🔴 [UPDATE] တံတားဦးလေတပ် တိုက်ခိုက်ခံရ ၊ အရာရှိများအပါအဝင် ၁၅၁ ဦး လက်နက်ချ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အရပ်သားပြည်သူများအပေါ် ဝေဟင်မှ အင်အားသုံးနေသည့် စစ်အုပ်စုက တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်ဗင်းရှင်း ချိုးဖောက်တယ်လို့ စွပ်စွဲပြောကြားလိုက်တဲ့သတင်း၊ လောင်းလုံ၌ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို ထားဝယ်ခရိုင် PDF က နည်းပညာမြင့်ယာဉ်ပျံများဖြင့် တိုက်ခိုက်ခဲ့သည့်သတင်း၊ ရွှေကူတွင် လက်နက်ချခဲ့သည့် ထိန်းသိမ်းခံ (၁၅၁) ဦးထဲတွင် အရာရှိ (၄၆) ဦး ပါဝင်နေသည့်သတင်း အပါအဝင် စိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်ဗင်းရှင်းဖြင့် စစ်ကောင်စီ စွပ်စွဲ

အရပ်သားပြည်သူများအပေါ် ဝေဟင်မှ အင်အားသုံးမှုများ ဆက်တိုက်လုပ်ဆောင်နေသည့် စစ်အုပ်စုက ၎င်းတို့၏ တံတားဦး တိုက်ခိုက်ရေးလေတပ်စခန်း (စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်း) တိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်းဗင်းရှင်းကို ချိုးဖောက်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။ PDF ပူးပေါင်းအဖွဲ့များ၏ FPV ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် မန္တလေးလေဆိပ် ခရီးစဉ်များကို (၂) ရက်တာ ပိတ်ထားခဲ့ရပြီး၊ လေယာဉ်အချို့ ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း CDM အရာရှိတစ်ဦးက သုံးသပ်ထားသည်။

📌 လောင်းလုံ၌ စစ်ကြောင်းထိုးလာသည့်တပ်ကို ထားဝယ်ခရိုင် PDF ဒရုန်းဖြင့် တိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ပြင်းထိန်၊ ဝေဒီနှင့် ဝဗျောရွာတို့သို့ စစ်ကြောင်းထိုးလာသည့် အင်အား (၁၀၀) ဝန်းကျင်ရှိ စစ်အုပ်စုတပ်ဖွဲ့ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း (သံမဏိလိပ်ပြာတပ်ခွဲ) မှ (၃) ရက်ဆက်တိုက် ဒရုန်းဖြင့် ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ဆင်ရေးအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး၊ ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု သွားလာကြရန် အသိပေးထားသည်။

📌 ရွှေကူတွင် အရာရှိ ၄၆ ဦးအပါအဝင် ၁၅၁ ဦး KIA ထံ လက်နက်ချ

ကချင်ပြည်နယ် ရွှေကူမြို့နယ် စင်ခန်းတံတားအနီးတွင် စက်တင်ဘာ (၂) ရက်က ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် လက်နက်ချခဲ့သည့် စစ်အုပ်စုဝင် (၁၅၁) ဦးထဲတွင် ဗိုလ်ကြီး (၂) ဦးအပါအဝင် အရာရှိ၊ အကြပ် (၄၆) ဦး ပါဝင်ကြောင်း KIA က ထုတ်ပြန်သည်။ ၎င်းတို့နှင့်အတူ မိသားစုဝင်များ၊ အရပ်သားအချို့ကိုလည်း ထိန်းသိမ်းထားရှိပြီး၊ ယင်းဖြစ်စဉ်နောက်ပိုင်း ရွှေကူအနီးတဝိုက်သို့ စစ်အုပ်စုက ဝေဟင်မှ အင်အားသုံးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

📌 ထိုင်းဝန်ကြီးချုပ်၏ အဆောင်လက်ဖွဲ့ လူမှုကွန်ရက်တွင် ဝေဖန်လှောင်ပြောင်ခံရ

ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူ ဝတ်ဆင်ထားသည့် ‘နူအာဒွန်း’ အဆောင်လက်ဖွဲ့သည် မကြာသေးမီက ငွေကြေးနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုတို့ဖြင့် နာမည်ဆိုးထွက်ကာ ဖမ်းဆီးခံခဲ့ရသည့် အယုဒ္ဓယ ကျောင်းထိုင်ဆရာတော်၏ ဘုန်းကြီးကျောင်းမှ ဖြစ်နေသောကြောင့် လူမှုကွန်ရက်တွင် ရေပန်းစားနေသည်။ ယင်းအပေါ် ဝန်ကြီးချုပ်က အဆောင်လက်ဖွဲ့များကို ဆရာတော်ကြီးများ စုပေါင်းစီရင်ထားခြင်းဖြစ်ပြီး၊ မိမိကိုယ်တိုင် ရိုးသားကောင်းမွန်ပါက မကောင်းမှုများကို ဖယ်ရှားနိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

By Editor