🔴 Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခဲ့သည့် ရဲဘော်များကို NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြု Red News Agecny

အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်းလာတယ်ဆိုတဲ့သတင်း၊ ဝက်လက်အရှေ့ခြမ်း ထိတွေ့မှု (၁၅) ကြိမ်အတွင်း တစ်ဖက်အဖွဲ့အစည်းမှ အင်အား (၁၀၀) ကျော်ကို ဟန့်တားနိုင်ခဲ့တယ်ဆိုတဲ့သတင်း၊ တစ်ဖက်အဖွဲ့အစည်းက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်နီးပါးထိ ဈေးတက်နေတယ်ဆိုတဲ့သတင်း၊ Mi-17 ရဟတ်ယာဉ်ကို နည်းပညာမြင့်ယာဉ်ပျံများဖြင့် ဟန့်တားနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြုလိုက်တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 KTLA ဆာကပေါ်တပ်ရင်း KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်း

တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်၌ အခြေစိုက်လှုပ်ရှားနေပြီး ကော်သူးလေတပ်မတော် (KTLA) မှ ထုတ်ပယ်ခံထားရသည့် ဗိုလ်စောအဲဖိုး ဦးဆောင်သော ဆာကပေါ်တပ်ရင်းသည် တပ်ဖွဲ့ဝင် (၂၅) ဦးနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) ထံ ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် လာရောက်ပူးပေါင်းခဲ့သည်။ KNLA တပ်မဟာ (၄) ဘက်က အခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပြီး ဘတ်တံဆိပ်များကိုလည်း KNLA တံဆိပ်များအဖြစ် ပြောင်းလဲတပ်ဆင်ပေးခဲ့သည်။

📌 ဝက်လက်အရှေ့ခြမ်း ထိတွေ့မှု (၁၅) ကြိမ်အတွင်း တစ်ဖက်အဖွဲ့အစည်းမှ ၁၀၀ ကျော် ထိခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် (၇) လတာကာလအတွင်း ထိတွေ့မှုပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ရာ တစ်ဖက်အဖွဲ့အစည်းမှ အင်အား (၁၀၀) ကျော် ထိခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက ထုတ်ပြန်သည်။ စစ်ကား (၄) စီး၊ နည်းပညာမြင့်ယာဉ်ပျံ (ဒရုန်း) ဖျက်ကားတစ်စီးနှင့် လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ပြီး၊ ဒေသခံများအနေဖြင့် အထူးသတိပြု သွားလာကြရန် အသိပေးထားသည်။

📌 ထိုင်းပို့ကုန် ယာယီပိတ်ပင်မှုကြောင့် တာချီလိတ်၌ ကြက်ဥဈေး အဆမတန် မြင့်တက်

မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်မှတဆင့် တင်သွင်းသည့် အခြေခံစားသောက်ကုန်များကို စံချိန်စံညွှန်းနှင့် ကုန်သွယ်ခွန်ကိစ္စရပ်များ အကြောင်းပြကာ တစ်ဖက်အဖွဲ့အစည်းက ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် ယာယီတားမြစ်ခဲ့သည်။ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ပိတ်ပင်လိုက်မှုကြောင့် တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ကြက်ဥ (၁) လုံးလျှင် ထိုင်းငွေ (၁၅) ဘတ် (မြန်မာငွေ ၂၀၀၀ ကျပ်နီးပါး) အထိ ဈေးပေါက်နေသည်။

📌 ဘီးလင်းရှိ စာသင်ကျောင်းနှင့် နေအိမ် (၄၀) နီးပါး ဝေဟင်မှ အင်အားသုံးခံရမှုကြောင့် ပျက်စီး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျသောင်းဆိပ် (ယိုကလား) ရွာကို စက်တင်ဘာ (၁၉) ရက် ညပိုင်းတွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် အကြီးစား အရာဝတ္ထုများ ကြဲချအင်အားသုံးခဲ့သောကြောင့် စာသင်ကျောင်း အဆောက်အအုံ (၅) လုံးနှင့် ဒေသခံနေအိမ် (၃၈) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU က ထုတ်ပြန်သည်။ ညသန်းခေါင်ယံအချိန်တွင် အဝေးပစ်ကိရိယာများဖြင့်ပါ ထပ်မံပစ်ခတ်ခဲ့သဖြင့် စိုက်ပျိုးရေးခြံများလည်း ပျက်စီးခဲ့ရသည်။

📌 Mi-17 ရဟတ်ယာဉ်ကို ဟန့်တားနိုင်ခဲ့သည့် ရဲဘော် ၇ ဦးအား NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြု

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမ ပျူရွာသို့ လာရောက်သည့် Mi-17 ရဟတ်ယာဉ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက FPV နည်းပညာမြင့်ယာဉ်ပျံများဖြင့် ဟန့်တားဖျက်ဆီးနိုင်ခဲ့သည့် ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော်ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား NUG က ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၁၀၀၀၀) နှင့် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားကို NUG နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

#RedNewsAgency #RedNews #RNA

By Editor