RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။
အမေရိကန်နိုင်ငံတွင် ကျင်းပသည့် American Got Talent (AGT) 2026 ပြိုင်ပွဲ၌ ချန်ပီယံဆုရရှိခဲ့သည့် ထိုင်းဆယ်ကျော်သက်မိန်းကလေး နေနေးရွိုင်ရယ်ကို ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ထိုင်းသတင်းဌာန The Nation က ဖော်ပြထားသည်။
နယူးယောက်မြို့ကို အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်က နေနေး၏ အောင်မြင်မှုသည် ထိုင်းနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်းနှင့် ထိုင်းဆယ်ကျော်သက်တစ်ဦး နိုင်ငံတကာစင်မြင့်၌ ဆက်လက်လျှောက်လှမ်းနိုင်ရန် အစိုးရက ကူညီထောက်ပံ့ပေးသွားမည်ဟု အနုထင်က ပြောကြားခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Ploythalay Laksameesaengjan က ဆိုသည်။
AGT 2026 အစီအစဉ်၌ နေနေး၏ အရည်အချင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုကြောင်း၊ သူမ၏ ယုံကြည်မှုနှင့်အတူ ပြိုင်ပွဲကာလတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့မှုကို အသိအမှတ်ပြုကြောင်းနှင့် နေနေးအပါအဝင် မိသားစုဝင်များ၊ ၎င်းအား ကူညီထောက်ပံ့ခဲ့သူများအားလုံးကိုလည်း အစိုးရအဖွဲ့မှ ကျေးဇူးတင်ကြောင်း Ploythalay က ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ အမေရိကန်နိုင်ငံ AGT အစီအစဉ်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အသက် (၁၆) နှစ်အရွယ် နေနေး (အမည်ရင်း Rattikan Praew Amloy) သည် The Cranberries သီဆိုထားသည့် Zombie သီချင်းဖြင့် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်၌ Soundgarden ၏ Black Hole Sun သီချင်းဖြင့် ယှဉ်ပြိုင်ချိန် Live Golden Buzzer ကို ရရှိခဲ့ပြီး ဖိုင်နယ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
AGT 2026 အစီအစဉ်၌ ချန်ပီယံဆုရရှိခဲ့သည့် နေနေးသည် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ (၁) သန်းရရှိမည်ဖြစ်ကြောင်း သိရပြီး သူမ၏ အောင်မြင်မှုသည် ထိုင်းနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံများအတွင်း ပထမဆုံးအကြိမ် AGT ချန်ပီယံအဖြစ် အောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။