KIA တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် စစ်အုပ်စုသင်္ဘောများထဲတွင် ပုဂ္ဂလိကသင်္ဘော (၄) စင်းပါဝင်နေမှုအပေါ် ဗိုလ်ချုပ်ဂွမ်မော် တောင်းပန်

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။

စစ်အုပ်စု၏ အဓမ္မဖိအားပေးမှုများကြောင့် လိုက်ပါခဲ့ရသည့် ပုဂ္ဂလိကသင်္ဘောများ ပျက်စီးခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားထားသည်။

ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအား တောင်းပန်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး သင်္ဘောတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၈၀၀၀) မှ သိန်းပေါင်း (၂၀၀၀၀) အထိရှိနိုင်ကြောင်း ဖော်ပြထားသည်။

ယခုစက်တင်ဘာလအတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်သို့ ဆန်တက်လာသည့် စစ်အုပ်စု ထောက်ပို့သင်္ဘောများထဲမှ (၁၈) စင်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ရာနှင့်ချီကိုလည်း မိသားစုဝင်များနှင့်အတူ ဖမ်းဆီးရမိ ထိန်းသိမ်းထားကြောင်း သိရသည်။

ဗန်းမော်သို့ အတင်းအဓမ္မ ဖိအားပေးခေါ်ဆောင်မှုကြောင့် လိုက်ပါခဲ့ရသည့် ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ သင်္ဘောများ ဆုံးရှုံးခဲ့ရမှုအပေါ် နွေဦးတော်လှန်ရေးကာလ၏ အရင်းအနှီးဖြစ်သည့်အတွက် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားထားသည်။

By RNA Editor