RNA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀) အနီး၌ရှိသည့် ရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက သိမ်းယူထားကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Red News Agency ကို အတည်ပြုပြောသည်။
စက်တင်ဘာ (၁၉) ရက်က KIA ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့သည့် ရဟတ်ယာဉ်ကွင်းသည် စစ်အုပ်စုအတွက် အရေးပါသည့်နေရာတစ်ခုဖြစ်ပြီး အမှတ် (၄၇) ခြေလျင်တပ်ရင်းစခန်းအပါအဝင် စစ်အုပ်စုရှေ့တန်းစခန်းများအတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ပေးနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။
“ခေါင်လန်းဖူးဘက်မှာ မှတ်တိုင် (၃၀) နဲ့နီးတဲ့နေရာ၊ ကားလမ်းဆုံးတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဟတ်ယာဉ်ကွင်းရှိတယ်။ အဲ့ဒီရဟတ်ယာဉ်ကွင်းကို သိမ်းလိုက်တာဖြစ်ပါတယ်။ .အဲဒီရဟတ်ယာဉ်ကွင်းကတော့ မိုင်တိုင် (၃၀) ဂျကာတီးဆိုတဲ့ရွာနဲ့ အနီးတဝိုက်မှာရှိတဲ့ ရဟတ်ယာဉ်ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
တရုတ်-မြန်မာနယ်စပ် မိုင်တိုင် (၃၀) နှင့် (၃၁) ကြားရှိ စစ်အုပ်စုနှင့် လက်အောက်ခံ ပြည်သူ့စစ်များအတွက် အရေးပါသည့် ရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်း သိမ်းယူခံရပြီးနောက် စစ်အုပ်စုနှင့် KIA ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
KIA ထိန်းချုပ်ထားသည့် မြို့နယ်များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် စစ်အုပ်စုက စစ်ရေးအရှိန်မြှင့်မှုများ လုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုများကိုလည်း နေ့စဉ်နီးပါ လုပ်ဆောင်နေကြောင်းနှင့် ရေကြောင်းမှလည်း စစ်ကူအင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများပို့ဆောင်နေသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဗန်းမော်သို့ ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောများကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်အုပ်စု သင်္ဘော (၁၈) စီးအထိ ပျက်စီးခဲ့ကြောင်း KIA က အတည်ပြုထားသည်။
မြေပြင်နှင့် ရေကြောင်းတို့၌ အထိနာနေသည့် စစ်အုပ်စုသည် လေကြောင်းတန်ပြန်တိုက်ခိုက်မှုများကိုလည်း တုံ့ပြန်လုပ်ဆောင်နိုင်ခြင်းကြောင့် ရွှေကူ၊ ဗန်းမော်၊ မိုင်ဂျာယန်၊ လိုင်ဇာနှင့် ကန်ပိုက်တီတို့ရှိ ဒေသခံပြည်သူအနေဖြင့် လေကြောင်းရန် သတိပြုနေထိုင်ကြရန်လည်း KIA က အသိပေးထားကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။