RNA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ့်စရီယန်းမြို့၌ အထောက်အထားမဲ့ နေထိုင်သည့် မြန်မာနိုင်ငံသား (၆) ဦးကို စက်တင်ဘာ (၂၁) ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မယ့်စရီယန်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
မယ့်စရီယန်မြို့ ဘန်ကတ်ကျေးရွာအုပ်စု ဘန်ဖမိုလိုရွာအတွင်း၌ နိုင်ငံခြားသားများ နေထိုင်နေကြောင်း ဒေသခံများက အာဏာပိုင်များထံ သတင်းပေးတိုင်ကြားမှုကြောင့် တာဝန်ရှိသူများက နေရာ (၂) ခုအား သွားရောက်စစ်ဆေးချိန် အထောက်အထားမဲ့ အိမ်ငှားရမ်းနေထိုင်နေသည့် မြန်မာနိုင်ငံသား (၆) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ နေထိုင်သူများကို အိမ်ငှားရမ်းထားသည့် အသက် (၂၃) နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားပြီး တရားမဝင် ဝင်ရောက်လာသူများအား ဒေသ တာဝန်ရှိသူများထံ သတင်းပေးတိုင်ကြားခြင်းမရှိဘဲ ထားရှိမှုနှင့် ကူညီပေးမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရသည့် မြန်မာ (၆) ဦးထဲတွင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ပါဝင်နေပြီး ၎င်းတို့ကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်ထားကာ လိုအပ်သည့် အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကရင်နီပြည်နယ်နှင့်ကပ်လျက်ရှိသည့် မယ်ဟောင်ဆောင်ခရိုင်အတွင်း နယ်စပ်လုံခြုံရေးအထူးတပ်ဖွဲ့များနှင့် ဒေသအာဏာပိုင်များက လူကုန်ကူးမှု၊ တရားမဝင် ဝင်ရောက်မှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ရေးအတွက် နယ်စပ်တစ်လျှောက် စောင့်ကြည့်စစ်ဆေးမှုများရှိနေကြောင်း သိရသည်။