ပြည်နယ်စည်းလုံးညီညွတ်မှု အားကောင်းရေးအပါအဝင် မဟာဗျူဟာ (၄) ခုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌသစ် ပြော

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုမှ မူးအန်ဂျလာကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

KSCC ၏ (၂၇) ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လစ်လပ်သွားသည့် ဥက္ကဋ္ဌရာထူးအပြင် ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KSCC ၏ နိုင်ငံရေးအခန်းကဏ္ဍကို မြှင့်တင်ခြင်းအပါအဝင် ပြည်နယ်စည်းလုံးညီညွတ်ရေး အားကောင်းမှု တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အသွင်ကူးပြောင်းရေး အစီအမံများ ချမှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌ မူးအန်ဂျလာက Red News Agency ကို ပြောသည်။

KSCC ဥက္ကဋ္ဌဖြစ်လာသည့် မူးအန်ဂျလာနှင့်အတူ ကရင်နီအမျိုးသမီးများအင်အားစုမှ အခြားအမျိုးသမီးတစ်ဦးဖြစ်သည့် ဆိုဖီယာဒေးမြာသည်လည်း KSCC ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်ရှိနေပြီး ယခုကဲ့သို့ အမျိုးသမီးများ နိုင်ငံရေး၌ ဦးဆောင်အခန်းကဏ္ဍ၌ ပါဝင်လာခြင်းသည် ထူးခြားမှုတစ်ခုဖြစ်ကြောင်း မူးအန်ဂျလာက မှတ်ချက်ပြုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်က ကွယ်လွန်ခဲ့သည့် ဦးအောင်ဆန်းမြင့်သည် KSCC ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယင်းအချိန်က မူးအန်ဂျလာသည် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ယခုပြင်ဆင်ဖွဲ့စည်းခဲ့သည့် KSCC အလုပ်အမှုဆောင်အဖွဲ့၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခူးထဲဘူး ဒုတိယဥက္ကဋ္ဌဖြစ်လာပြီး ကရင်နီပြည်လူငယ်အင်အားစုမှ ခိုးလ်ပက်ထရစ်က တွဲဖက်အတွင်းရေးမှူးဖြစ်လာကာ အယ်ဗလင်း၊ ဦးဌေးအောင်နှင့် စောကလိုမှူးတို့က အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်နေကြသည်။

ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် ယခုလ စက်တင်ဘာ (၁၅) ရက်ကလည်း KNPP ပါတီ၏ အထွေထွေအတွ်းရေးမှူးနေရာအတွက် ရဲဘော် ပလူးရယ်ကို ရွေးချယ်ခဲ့ပြီး အတွင်းရေးမှူး (၁) အဖြစ် နဲနယ်ပလိုးနှင့် အတွင်းရေးမှူး (၂) အဖြစ် ရဲဘော် သဲမာတို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – Mu Angela

By RNA Editor