RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ ရနောင်း (Rayong) ခရိုင် နီခွန်ဖတ်ထနာဒေသရှိ ဘုန်းကြီးကျောင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ အလောင်းကို လာရောက်စွန့်ပစ်ခဲ့သူများထဲမှ (၂) ဦးကို ယနေ့ (စက်တင်ဘာ ၁၉ ရက်) ဖမ်းဆီးရမိထားကြောင်း ထိုင်းသတင်းဌာန Amarin News က ဖော်ပြထားသည်။
ယနေ့ နံနက် ၂ နာရီဝန်းကျင်က တရုတ်နိုင်ငံသား (၄) ဦးသည် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) ဦးကို အလောင်းကို ကားဖြင့်တင်ဆောင်လာပြီး နီခွန်ဖတ်ထနာဒေသရှိ ဝပ်မက်ခါ (Wat Map Kha) ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ကာ စွန့်ပစ်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမား၏ အလောင်းကို မီးသင်္ဂြိုလ်ပေးရန် ကျောင်းထိုင်ဆရာတော်အား တောင်းဆိုခဲ့သော်လည်း သေဆုံးရသည့် အကြောင်းရင်းနှင့် ထောက်ခံစာလိုအပ်ကြောင်းနှင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် လိုအပ်ကြောင်း ဆရာတော်က ပြောကြားချိန် ကျေးရွာအတွင်းမှာ ဒေသခံပြည်သူများ ကျောင်းဝင်းအတွင်းသို့ စုဝေးရောက်ရှိလာခဲ့ကြောင်း သိရသည်။
ကျေးရွာပြည်သူများ ကျောင်းဝင်းအတွင်း စုဝေးရောက်ရှိလာချိန် အလောင်းလာရောက်စွန့်ပစ်သည့် တရုတ်နိုင်ငံသား (၄) ဦးက ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းကြောင့် ကျေးရွာပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရာ (၂) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ဝန်ခံထွက်ဆိုချက်အရ ဆောက်လုပ်ရေးလုပ်ငန်းခွင် အဆောင်တန်းလျား၌ မြန်မာအလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းသေဆုံးအလောင်းကို ကားဖြင့် သယ်ဆောင်လာကာ ဘုန်းကြီးကျောင်းအတွင်း စွန့်ပစ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလောင်းလာရောက်စွန့်ပစ်သူများထဲမှ (၂) ဦးကို နီခွန်ဖတ်ထရာရဲစခန်း တာဝန်ရှိသူများက ဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားကို ဖမ်းဆီးရန် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ရှာဖွေချိန် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။