RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။
နိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်းပေါင်း (၅၃၆) ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ (စက်တင်ဘာ ၁၈ ရက်) ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ (၂) နှစ်တာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃၈၇၄) ဦးရှိကြောင်း၊ စစ်အုပ်စုတပ်ရင်းစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးလားသူ (၂၀၀၀၀) ခန့်ရှိကြောင်း NUG MOD က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်း (၂) နှစ်တာကာလအတွင်း စစ်အုပ်စုဘက်မှ သေဆုံးသူ (၂၀၃၈၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၉၇၉၂) ဦးရှိကြောင်း NUG MOD က ဖော်ပြထားပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအပေါ် စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
စစ်အုပ်စုက ၎င်းတို့ အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားများကို ရှေ့တန်းစစ်မြေပြင်တိုက်ပွဲများ၌ အသုံးချနေပြီး စစ်အုပ်စုစစ်ကြောင်းထိုးအင်အား၏ (၈၀) ရာခိုင်နှုန်းသည် စစ်မှုထမ်းစုဆောင်းခံရသူများဖြစ်ကြောင်း၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲများ၌ စစ်မှုထမ်း စုဆောင်းခံရသူများသာ ထိခိုက်သေဆုံးမှု များပြားနေကြောင်းလည်း NUG MOD က ဆိုသည်။
စစ်အုပ်စုထံ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူများအနေဖြင့် အခွင့်အရေးရပါက တပ်ရင်းစခန်းကို စွန့်ခွာထွက်ပြေးပြီး နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ကာ အကူအညီ ရယူဆောင်ရွက်နိုင်ကြောင်း NUG MOD က တိုက်တွန်းထားသည်။
ထို့ပြင် အဓမ္မတပ်သားသစ် စုဆောင်းခံရမှုမှ ရှောင်လွှဲနိုင်ရေးအတွက် ခရီးသွားလာရာ၌ အထူးသတိပြု သွားလာကြရန်နှင့် မိမိလုံခြုံရေးကိုလည်း အထူးဂရုစိုက်ကြရန် တိုက်တွန်းထားပြီး အများပြည်သူရှေ့၌ အဓမ္မဖမ်းဆီး တပ်သားသစ် စုဆောင်းမှုများကို တွေ့ရှိပါက ပြည်သူ့အားဖြင့် တွန်းလှန်ကြရန်လည်း NUG MOD က တိုက်တွန်းထားသည်။
စစ်မှုထမ်းအပတ်စဉ် (၂၇) ကို ပြီးခဲ့သည့် ဩဂုတ် (၁) ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂၅) ကို သင်တန်းဆင်းပွဲကို ဩဂုတ် (၁၄) ရက်တွင် ကျင်းပခဲ့ခြင်းကြောင့် စစ်အုပ်စု အဓမ္မတပ်သားသစ် စုဆောင်းထားသည့် အရေအတွက်သည် စုစုပေါင်း (၁၃၅၀၀၀) အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။