RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များမှ ခေါင်းဆောင်များအနေဖြင့် ဒရုန်းနှင့် ခေတ်မီနည်းပညာများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး စွမ်းရည်မြှင့်တင်ရေးကို စနစ်တကျ အလေးထားဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (စက်တင်ဘာ ၁၇ ရက်) ပြောကြားခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အမှတ် (၁) စစ်ဒေသ၏ (၅) နှစ်ပြည့်အခမ်းအနား သဝဏ်လွှာ၌ NUG ယာယီသမ္မတက ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှ့် စစ်ရေးဆိုင်ရာစွမ်းရည်မျာကို အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ကာ လိုက်လျောညီထွေ ပြင်ဆင်နိုင်ရန်လိုကြောင်း၊ သက်ဆိုင်ရာခေါင်းဆောင်များမှ ရေရှည်အမြင်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားထားသည်။
အမှတ် (၁) စစ်ဒေသကို ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ၏ ဦးဆောင်ကွပ်ကဲမှုနှင့်အတူ ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၈) နယ်မြေ၌ ၂၀၂၁ စက်တင်ဘာ (၁၇) တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေး၏ ရေရှည်လိုအပ်ချက်များနှင့် မဟာဗျူဟာကျသည့် စီမံကိန်းများအတွက် လိုအပ်သည့် အရင်းအမြစ်နှင့် ရန်ပုံငွေများကို NUG အစိုးရအဖွဲ့မှ တတ်စွမ်းနိုင်သမျှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆိုင်ရာ စွမ်းရ့ည်များကို တည်ဆောက်ကြရန်လည်း ဒူဝါလရှီးလက ပြောကြားထားသည်။
အမှတ် (၁) စစ်ဒေသ (၅) နှစ်ပြည့် အထိမ်းအမှတ်သို့ NUG MOD ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး (၅) နှစ်တာကာလအတွင်း မဟာမိတ်တပ်ဖွဲ့များနှင့် မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးအောင်ပွဲများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အမှတ် (၁) စစ်ဒေသမှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ အသက်၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုကို အလေးထားကာ တော်လှန်ရေး ခရီးပန်းတိုင်ရောက်သည်အထိ ဇွဲ၊လုံ့လ၊ တာဝန်ယူမှုတိ့ဖြင့် ဆက်လက်လျှောက်လှမ်းသွားရန်လိုကြောင်း ပြောကြားထာသည်။
အမှတ် (၁) စစ်ဒေသနယ်မြေကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့ဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ပထမဆုံး စစ်ဒေသမှူးအဖြစ် KIA ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်းလွမ်းသည်က ၂၀၂၄ ခုနှစ် ကွယ်လွန်ချိန်အထိ တာဝန်ယူခဲ့ခြင်းဖြစ်သည်။