RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ၏ဥပဒေများကို ချိုးဖောက်သည့် နိုင်ငံခြားသားများအနေဖြင့် အသက် သေဆုံးမှုအခြေအနေ ရှိလာပါက ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေဆုံးကြရန် (Go Die in Your Own Country) ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ရင့်ရင့်သီးသီး ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
“ခင်ဗျားတို့ ဒီကိုလာပြီး ကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံရှာဖို့ပါပဲ။ ခင်ဗျားတို့ သေမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေကြပါ။ ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံထဲလာပြီးမှ သေဆုံးကြတာမျိုးကို အလိုမရှိပါဘူး” ဟု အနုထင်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပြောကြားမှုသည် ထိုင်းနိုင်ငံတွင်း ပုဂ္ဂလိကသင်္ချိုင်းများ တည်ဆောက်ရန် လုပ်ဆောင်နေသည့် နိုင်ငံခြားသားများအား ရည်ညွှန်းကာ အနုထင်က ပြည်ထဲရေးဝန်ကြီးဌာနအစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေး၌ ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများနှင့် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ ဥပဒေချိုးဖောက်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်ချိန် အနုထင်က နိုင်ငံခြားသားများနှင့်ပတ်သက်၍ ရင့်ရင့်သီးသီး ပြောဆိုလာခြင်းဖြစ်သည်။
နိုင်ငံခြားသားများ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပြီး ထိုင်းဥပဒေကို လေးစားလိုက်နာပါက ထိုင်းနိုင်ငံအနေဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ဘဲ အများပြည်သူ လုံခြုံရေးကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လက်မခံနိုင်သည့် အပြုအမူများကို လုပ်ဆောင်ပါက ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်နှင့် ဆူရတ်ဌာနီတို့မှ ဥပဒေချိုးဖောက်မှုများ ကျူးလွန်နေသည့် နိုင်ငံခြားသားများကို အထူးအလေးပေးပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်း တရားမဝင်စီးပွားရေးလုပ်ကိုင်နေသူများနှင့် အခြားဥပဒေပြင်ပ လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းရန်လည်း ပြောကြားထားသည်။