RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ၌ (၁၀) နှစ်ကျော်ကြာ တိမ်းရှောင်နေသည့် မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားသူ တရုတ်နိုင်ငံသားကို ထိုင်းအာဏာပိုင်များက ယနေ့ (စက်တင်ဘာ ၁၆ ရက်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
Mr. Myo (ဦးမျိုး) အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား မစ္စတာ လီ (Mr. Li) သည် အစိုးရစီမံကိန်းများတွင် အကျင့်ပျက်ခြစားမှုကိစ္စရပ်များ၌ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ၎င်းကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
ယင်းနောက် မစ္စတာလီသည် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် မစ္စတာမျိုး အမည်ဖြင့် မြန်မာပတ်စ်ပို့ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ပြီး (၁၀) နှစ်ကျော်ကြာ တိမ်းရှောင်နေထိုင်ခဲ့သူလည်း ဖြစ်သည်။
ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများအရ မစ္စတာလီသည် ဘတ်သန်း (၆၀၀) ကျော်တန်ဖိုးရှိ ကားတာယာစက်ရုံ၊ ကုမ္ပဏီ (၃)နှင့် မြေယာများကို ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦး၏ အမည်ဖြင့် ပိုင်ဆိုင်ထားပြီး လုပ်ငန်းလည်ပတ်ခဲ့ကြောင်း၊ ၎င်း၏သားဖြစ်သူ မစ္စတာ ထာဝမ် (Mr. Thawon) ကိုလည်း တရားမဝင် နည်းလမ်းများဖြင့် ထိုင်းနိုင်ငံသားမှတ်ပုံတင်ရရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း၊ မစ္စတာထာဝမ် ထိုင်းနိုင်ငံသားမှတ်ပုံတင်ရရှိပါက လုပ်ငန်းအားလုံးကို ၎င်း၏နာမည်ဖြင့် ထားရှိရန်စီစဉ်ခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် မစ္စတာလီကို ထိုင်းအာဏာပိုင်များက ဇီဝဆိုင်ရာနည်းပညာတစ်ခုဖြစ်သည့် မျက်နှာပုံရိပ်ဖတ်စနစ် (Facial Recognition System) မှတဆင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကားတာယာထုတ်လုပ်ရေးစက်ရုံကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မစ္စတာလီသည် တရုတ်နိုင်ငံသားပတ်စ်ပို့ဖြင့် ၂၀၁၃ – ၂၀၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင်းသို့ (၁၄) ကြိမ် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း မြန်မာပတ်စ်ပို့ဖြင့် (၄၈) ကြိမ် ဝင်ရောက်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများအရ သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးခဝါချမှုများလုပ်ဆောင်ခဲ့သည့် မစ္စတာလီသည် အခြားရာဇဝတ်မှုများကိုလည်း ကျူးလွန်ခဲ့ပြီး ၎င်း၏ ကုမ္ပဏီတစ်ခု၌ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတို့ကြောင့် Krathum Baen ရဲစခန်း၌ အမှုဖွင့်ခံထားရသူလည်း ဖြစ်သည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည့် မစ္စတာလီနှင့် ၎င်း၏သားဖြစ်သူတို့ကို ထိုင်းနိုင်ငံသားမှတ်ပုံတင် တရားမဝင်ပြုလုပ်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် လုပ်ငန်းလည်ပတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် အရေးယူရန်ပြင်ဆင်နေပြီး တရုတ်အစိုးရ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။