KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

RNA_ဒီဇင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအဖြစ် KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ဖြင့် တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဖွဲ့စည်းလိုက်သည်ဟု ဒီဇင်ဘာ (၁၅) ရက်နေ့မှာ အသိပေးထားသည်။

မဟာမိတ်တပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers PDF၊ ဗမာ့တပ်မတော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကလေးဒေသ တော်လှန်ရေးတပ်(KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါင် (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ၊ ယောတပ်တော်(YA)နှင့် ယောကာကွယ်ရေးတပ်(YDF) တို့ဖြစ်သည်။

မဟာမိတ်တပ်ပေါင်းစုများအနေဖြင့် ယမန့်နေ့က အသိပေးချက်တွင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ၏ တော်လှန်ရေးကတိကဝတ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက သဘောတူညီချက်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှသာ ပြည်သူများကို အသိပေးလာခြင်းဖြစ်သည်။

မဟာမိတ်တပ်ပေါင်းစုအနေဖြင့် ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နှင့် တော်လှန်ရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက် အတူတကွတိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် လူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသဖြင့် တစ်နိုင်ငံလုံး အထွေထွေ လူမှုစီးပွားအကြပ်အတည်းများရင်ဆိုင်နေရပြီး ထိုအကြပ်အတည်းမှ ပြည်သူလူထုတရပ်လုံး အမြန်ဆုံးလွတ်မြောက်ရန် တပ်ပေါင်းစုအားဖြင့် တိုက်ပွဲဝင်သွားမည်ဆိုသည့် အချက်ပါအဝင် (၄) ချက်ကိုလည်း သဘောထူထားကြသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor