“နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ “ကျားဖြန့် ကွန်ရက်များ” ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်”
ရန်ုနိုင်
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး အခက်အခဲများမှ လူထုအာရုံစိုက်မှုကို လွှဲပြောင်းရန် ၎င်းတို့၏ရာထူးကို ခိုင်မာစေရန်နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဖုံးကွယ်ရန် ဤနယ်စပ်ပြဿနာကို လက်နက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရကွန် ဦးဆောင်သောအစိုးရ၏ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်လာသည့်အခြေနေများက ၂၀၂၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကအရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော တောင်ပိုင်းရေကြီးမှုများကို စီမံခန့်ခွဲရာတွင် အားနည်းခဲ့ခြင်း ကြောင့် ဝန်ကြီးချုပ် အနုတင်၏ လူထုထောက်ခံမှု ၄၈ ရာနှုန်းမှ ၂၃ ရာနှုန်းအထိ ထိုးကျသွားခဲ့ပြီး ၎င်း၏ ပါတီဖြစ်သော ဘွန်ဂျိုင်ထိုင်းပါတီ၏ လူကြိုက်များမှုလည်း သိသိသာသာလျော့ကျခဲ့သည်။ ထိုအခြေနေကြောင့် လာမည့်မတ်လရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေး အားနည်းချက်များကို ဖုံးကွယ်ရန်ကြိုးစားမှုတရပ်ဖြစ်သည်။
ဤပဋိပက္ခသည် ဝန်ကြီးချုပ်အတွက် ၎င်း၏ပြည်တွင်းပြဿနာများမှ အာရုံပြောင်းနည်းဗျူဟာအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နယ်စပ်တင်းမာမှုများကို မြှင့်တင်ခြင်းဖြင့် အနုတင်သည် အမျိုးသားရေး စိတ်ထက်သန်မှုကို အခွင့်ကောင်းယူကာ ၎င်း၏ နိုင်ငံရေးရေပန်းစားမှုကို ပြန်လည် တည်ဆောက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် အရပ်သားအစိုးရနှင့် အင်အားကြီးသောစစ်တပ်တို့အကြား မရေမရာသော အာဏာဖွဲ့စည်းပုံများ ရှိနေသောကြောင့် အခြေအနေသည် ပိုမိုရှုပ်ထွေးလာသည်။ အနုတင်၏ အစိုးရသည် နယ်စပ်ရေးရာ မူဝါဒကို ထိုင်းစစ်တပ်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်နိုင်သည် ဟု ဒေါက်တာ ပဏိဌာန် ဝပ်ထနာယားကွန် Panitan Wattanayagorn (ထိုင်းနိုင်ငံရေးနှင့်လုံခြုံရေး အကြံပေးအရာရှိ) က သုံးသပ်ထားသည်။
ယခင်ဝန်ကြီးချုပ် ဖက်ထောင်ထာ ဆီနဝါထရာသည် ဟွန်ဆန်နှင့်ဖုန်းပြောကြားမှုပေါက်ကြားပြီး နောက် ရာထူးမှဆိုင်းငံခံရသည့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကလည်း ထိုင်းစစ်တပ်နှင့် ဆက်စပ်သူ ရှေးရိုးစွဲအုပ်စုများအတွက် အမျိုးသားရေးအခြေခံသည့် နိုင်ငံရေးအခွင့်အလမ်းကို ဖြစ်ပေါ်စေခဲ့သည်။
ထိုင်းစစ်တပ်အနေဖြင့်လည်း ကမ္ဘောဒီးယားနယ်စပ်အရေးကို အကြောင်းပြုကာနယ်စပ်အရေးတွင် စစ်တပ်၏ထိန်းချုပ်လုပ်ပိုင်ခွင့်ကို ပိုမိုရယူလိုခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ နယ်စပ်အရေး နှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည်ကို ဖိအားပေးဖျက်ဆီးထားနိုင်ရန်ဖြစ်သည်။ ‘အနုတင်’သည် နိုင်ငံရေးလုံခြုံမှုရနိုင်ရန် ထိုင်းစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်။ ၎င်းအနေဖြင့်နယ်စပ်အရေးအပေါ် မူဝါဒချမှတ်မှုအတွက် ရှေးရိုးစွဲအုပ်စုကွန်ယက်များနှင့် ပူးပေါင်း ဆောင်ရွက်ရန်တွန်းအားကို ကြုံနေရနိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။
ကမ္ဘောဒီးယားဘက်တွင်လည်း ယခင်ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် လက်ရှိဝန်ကြီးချုပ် ဟွန်မာနက် တို့၏ နိုင်ငံရေးရည်မှန်းချက်များကို ခိုင်မာအားကောင်းစေရန် လက်ရှိပဋိပက္ခသည် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိနေသည်။ ကမ္ဘောဒီးယားအစိုးရ၏ ပြည်တွင်းစီးပွားရေးဖိအားများ ကိုလျော့ပါးစေရန် အာရုံလွှဲနိုင်မည့်အခြေနေလည်းဖြစ်သည်။
ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးနှေးကွေးမှု (GDP မျှော်မှန်းချက် ၄.၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်း) နှင့် ပြည်တွင်းစီးပွားရေးဖိအားများ (ဥပမာ- အကြွေးတင်နေသော ရွှေ့ပြောင်း အလုပ်သမားများ ပြန်လာခြင်း) တို့နှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် အရေးပါသော အထက်တန်းလွှာအုပ်စုများကစီမံခန့်ခွဲသည့် နယ်စပ်ရှိလိမ်လည်မှုကွန်ရက်များကို ထိုင်းက နှိမ်နင်းနေခြင်းသည်လည်း ကမ္ဘောဒီးယား အစိုးရ၏ဝင်ငွေရင်းမြစ်ကို ထိခိုက်စေခဲ့သည်။
ဤနောက်ခံ အခြေအနေများကြောင့် ကမ္ဘောဒီးယားခေါင်းဆောင်များသည် နယ်စပ်ပဋိပက္ခကို အသုံးပြု၍ ကြုံနေရသည့်ကျားဖြန့်ပြဿနာနှင့် စီးပွားရေးပြဿနာများမှ နိုင်ငံသားများ၏ အာရုံစိုက်မှုကို ပြောင်းလဲနိုင်ရန်ဖြစ်သည်။ နယ်စပ်ပြဿနာတွင် ထိုင်းကိုကျူးကျော်သူအဖြစ် ပုံဖော်ပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်သူများ အဖြစ်မိမိတို့ကိုယ်ကို ပုံဖော်လိုခြင်းဖြစ်သည်။
ကမ္ဘောဒီးယားသည် နိုင်ငံတကာ သံတမန်ရေးရာ နယ်ပယ်တွင် ၎င်းတို့၏ ရည်မှန်းချက်ကို အောင်မြင်စေရန် ဝါဒဖြန့်နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားသည်။ နှစ်နိုင်ငံပြဿနာအဆင့်မှ နိုင်ငံတကာပြဿနာအဆင့်သို့ မြှင့်တင်ရန်အစဉ်တစိုက်ကြိုးပမ်းခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သို့မဟုတ် အိုင်စီဂျေကဲ့သို့သော ပြင်ပအဖွဲ့အစည်းများ၏ ဝင်ရောက် ဖြေရှင်းမှုကိုမကြာခဏ တောင်းဆိုခဲ့သည်။
နိုင်ငံတကာအမြင်တွင် ထိုင်းနိုင်ငံကို ရန်-လို-သူ၊ ကျူး-ကျော်-သူ အဖြစ်ပုံဖော်နိုင်ဖို့ ကွဲပြားနေသည့် ထိုင်းနိုင်ငံ ပြည်တွင်းအခြေနေများကိုအသုံးချခဲ့သည်။ ပေါက်ကြားလာသော ဖုန်းခေါ်ဆိုမှုနှင့် ထိုင်းစစ်တပ်၏ လှုပ်ရှားမှုများကို ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့အောင်ကြိုးပမ်းခဲ့သည်။ ထိုင်းနိုင်ငံက ရန်လိုသူ၊ ဟွန်မာနက်အစိုးရအဖွဲ့၏ ခေါင်းဆောင်မှုကမှန်ကန်သူ အဖြစ်နိုင်ငံတကာမှာ ထင်ရှားစေပြီး ၎င်းတို့အုပ်ချုပ်ရေးအာဏာကို အခိုင်အမာတည်ဆောက်နိုင်ရန်ဖြစ်သည်။
နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ “ကျားဖြန့် ကွန်ရက်များ” ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်။ ထိုင်းနှင့်ကမ္ဘောဒီးယား အထက်တန်းလွှာများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းသည် ကမ္ဘောဒီးယား အစိုးရအား ငွေကြေးထိခိုက်မှု ကြီးမားစေခဲ့သည်။
ထိုင်းအစိုးရသည် ကမ္ဘောဒီယားရှိ လောင်းကစားနှင့်လိမ်လည်မှုအင်ပါယာများကို ကြီးကြပ်သော ဟွန်ဆန်၏အကြံပေး ဘင်စမစ်(Ben Smith)၊ ယင်လီးခ် (Yim Leak)၊ ကော့အန် (Kok An) နှင့် ချန်ဇီ(Chen Zhi) ကဲ့သို့သောပုဂ္ဂိုလ်များနှင့် ၎င်းတို့ဆက်စပ်ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။ ထိုသို့သိမ်းဆည်းခြင်းကြောင့် ယခုဖြစ်ပေါ်လာသည့် နယ်စပ်ပဋိပက္ခ၏အဓိကအကြောင်းအရာ ဖြစ်သည်ဟု ပြည်သူ့ပါတီ ခေါင်းဆောင် နတ်ထဖုန်း(Natthaphong) က အတိအကျစွပ်စွဲခဲ့သည်။ ကုန်းမြေနယ်စပ်အပြင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့၏ နယ်စပ်ပဋိပက္ခသည် ထပ်နေသော ပင်လယ်ပြင်ဆိုင်ရာဧရိယာတွင် ဒေါ်လာ ဘီလျံ ၃၀၀ ခန့် တန်ဖိုးရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက်များ ပိုင်ဆိုင်မှုအငြင်းပွားခြင်းနှင့်လည်း ဆက်စပ်နေသည်။
၂၀၀၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် MOU 2544 (ထိုင်း-ကမ္ဘောဒီးယားရေပိုင်နက် အကျိုးစီးပွား မျှဝေရေးမူ) သည် ယခင်ထိုင်းဝန်ကြီးချုပ် သပ်ဆင် ဆီနဝါထရာ နှင့် ဟွန်ဆန်တို့၏ စီးပွားရေးဆက်စပ်မှုတစ်ခု ဖြစ်နေသည်။ ထိုင်းအမျိုးသားရေးဝါဒီများက ဆီနဝါထရာမိသားစုနှင့် ဟွန်ဆန်တို့အကြား ပုဂ္ဂိုလ်ရေးဆက်မှုသည် ရေနံနှင့်သဘာဝဓါတ်ငွေ့အကျိုးစီးပွားအတွက် လျှိုဝှက် သဘောတူညီထားမှုများရှိနိုင်သည်ဟု သံသယရှိကြပြီး ၎င်းတို့နှစ်ဦးသည်နိုင်ငံအသီးသီး၏ အကျိုးစီးပွားများကို ရောင်းစားနေကြသူများဟု စွပ်စွဲထားသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခသည် ၎င်းတို့အတွင်းရှိ အထက်တန်းလွှာများအတွက် အမျိုးသားရေးဝါဒကို လက်နက်အဖြစ် အသုံးပြုခြင်း၏ သာဓကတစ်ခုဖြစ်သည်။ နယ်စပ်ကို စီမံခန့်ခွဲရာတွင် အာဏာပိုင်များသည် နယ်မြေပိုင်နက်ကို ထိန်းချုပ်ခြင်း၊ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်းနှင့် သမိုင်းဆိုင်ရာ အမွေအနှစ်ကို ထိန်းချုပ်ခြင်းတို့မှ အကျိုးအမြတ်ရယူကြသည်။ Preah Vihear ကဲ့သို့သော ဘုရားကျောင်းများသည် ရိုးရှင်းသော အမွေအနှစ်နေရာများမဟုတ်ဘဲ “အမျိုးသားရေး ဂုဏ်သိက္ခာ၏ သင်္ကေတများ” ဖြစ်လာကြသည်။
ထိုင်းနိုင်ငံအမျိုးသားရေးဝါဒီ အုပ်စုများသည် ICJ ၏ ဆုံးဖြတ်ချက် (၁၉၆၂/၂၀၁၃) ကို နိုင်ငံတော်၏ “သမိုင်းဝင် အရှက်ရစရာ” အဖြစ် ပုံဖော်ကြသည်။ အမျိုးသားရေးဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ရန် အစိုးရကို ပြင်းပြင်းထန်ထန်ဖိအားပေးသည်။ အခြားတဖက်အနေဖြင့် ကမ္ဘောဒီးယားတွင်မူ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်သည် ဘုရားကျောင်းကို “ခမာယဉ်ကျေးမှုအမွေအနှစ်၏ အုပ်ထိန်းသူ” အဖြစ် ပုံဖော်ကာ ၎င်း၏ အာဏာကို ခိုင်မာစေရေးအတွက် အသုံးပြုသည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် ထိုင်းနိုင်ငံအနေ့ဖြင့် စစ်တပ်လွှမ်းသည့် အုပ်ချုပ်ရေးစနစ်မှ အရပ်သားဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းမှု မပြည့်စုံခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း တစ်ပါတီအထက်တန်းလွှာအုပ်ချုပ်ရေး စနစ်၏ အားကောင်းနေသေးသည့် အခြေနေဖြစ်နေသည်။ နှစ်နိုင်ငံလုံးအတွက် သက်ဆိုင်ရာ ပြည်တွင်းအာဏာကိုကာကွယ်နိုင်ရန် ပြင်ပပဋိပက္ခကို လိုအပ်နေသေးသည့်အခြေနေဖြစ်သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် နယ်မြေ ပိုင်ဆိုင်မှုအတွက် ဖြေရှင်းမှုအဖြစ် ထင်ရှားနေ သော်လည်း ပိုမိုနက်ရှိုင်းသည့် ပြဿနာတရပ်မှာ ၎င်းတို့နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အာဏာနှင့် ငွေကြေး အကျိုးစီးပွားကို ထိန်းသိမ်းရန်အတွက် ပြည်တွင်းနိုင်ငံရေး အသုံးချမှုတစ်ခုအဖြစ် ဖန်တီးနေမှုလည်းဖြစ်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်သည် နိုင်ငံရေးအားနည်းချက်များမှ လွတ်မြောက်ရန်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ခံမှုကိုရယူရန် လိုအပ်သည်။ ကမ္ဘောဒီးယားတွင်မူ (ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့်) ဟွန်ဆန်မိသားစု၏ နိုင်ငံရေးအာဏာတည်မြဲမှုအခြေခံသည့် အမျိုးသားရေးဆန်သည့် နိုင်ငံရေးရှင်သန်ရန်လိုအပ်နေသည်။ ထိုသို့သောအခြေနေများတွင် ပဋိပက္ခများကို ဖြေရှင်းနိုင်ဖို့ဆိုသည်မှာ ဆွေးနွေးပွဲရလဒ်များ၊ နည်းပညာဆိုင်ရာ အားပြိုင်မှုများ သက်သက်ဖြင့်အဆုံးသတ်သွားနိုင်မည်မဟုတ်ပေ။ ကိုယ်စီလိုလားချက်ရှိနေသည့် နှစ်ဘက်ခေါင်းဆောင်များ၏ နိုင်ငံရေးသတ္တိ အားကောင်းမှုအပေါ်တွင် လုံးလုံးမူတည်နေပါသည်။
#REDNEWS #RNA #RedNewsAgency
