NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

RNA_အောက်တိုဘာ(၁၃)၊၂၀၂၅ခုနှစ်။

ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းစသည်တို့ကို ပြုလုပ်နေသည့် စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက်အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များကို NCA လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့အစည်းများက ယနေ့ တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်ရည်ရွယ်သော KNU၊ CNF၊ ABSDF နှင့် PNLO တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ NMSP နှင့် LDU တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမှုများနှင့် ရည်မှန်းချက်များကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီး၊ NCA အကော်အထည်ဖော်မှုလုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဟု ယနေ့ ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သော ABSDF၊ CNF၊ KNU၊ NMSP (AD)၊ PNLO၊ LDU တို့က ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်သည်။

NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သော စစ်အုပ်စုက ပြည်သူလူထုကို အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာခဲ့သည်သာမက လေကြောင်းတိုက်ခိုက်မှုများ အပါဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်လျက်ရှိစဉ် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor