စစ်မှုထမ်းဟောင်းတစ်ဦး မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းသည့်အတွက် PDF ထံအလင်းဝင်

RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် လူငယ်များကို အဓမ္မစစ်မှုထမ်းရှေ့တန်းပို့နေသည့်အပြင် စစ်မှုထမ်းဟောင်းကိုပါ မတရားဖမ်းဆီးပြီး စစ်မှုပြန်ထမ်းခိုင်းပြီး ရှေ့တန်းပို့သည့်အတွက် အခြားအဓမ္မစစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ PDF ထံ အလင်းဝင်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာဘက်ကို အဓမ္မစစ်မှုထမ်းပြည်သူ့စစ်အများအပြားအသုံးပြုပြီး ၂၀၂၅ ခုဩဂုတ်လအစပိုင်းမှစတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်မှုထမ်းဟောင်းတစ်ဦးအား မတရားဖမ်းဆီးပြီး ပြန်လည်စစ်မှုထမ်းခိုင်းသည့်အတွက် အခြားမတရားဖမ်းဆီး စစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၂)တပ်ခွဲ(၃) ထံ အလင်းဝင်ခဲ့သည်ဟု သိရသည်။

မုံရွာခရိုင်တပ်ရင်း(၂) တပ်ခွဲ (၃) ထံအလင်းဝင်ရောက်လာသည့် ရဲဘော်သီဟသည် ၂၀၁၁ ခုနှစ်ခန့်က စစ်တပ်မှ ထောင်ကျခံကာ တပ်မှထွက်ပြီး မိသားစုနှင့်အတူ အေးဆေးစွာ လုပ်ကိုင်စားသောက်နေသူဖြစ်သော်လည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က အဓမ္မဖမ်းဆီး မတရားစစ်မှုထမ်းစေခဲ့ကြောင်း၊ ရဲဘော်သီဟနှင့်အတူ အလင်းဝင်လာသည့် ရဲဘော်ကျော်ဦးမှလည်း အဓမ္မစစ်မှုထမ်းအတွင်း ပါခဲ့ရသူဖြစ်ကြောင်း၊ အဓမ္မစစ်မှုထမ်းနေရသော ရဲဘော်သီဟနှင့် ရဲဘော်ကျော်ဦးတို့သည် တင်းကြပ်ထားသည့် အစောင့်များကြားမှ MA1 တလက်နှင့် ဗုံးသီးအချို့ယူဆောင်ကာ လိုက်လံပစ်ခက်မှုများကြားမှ တော်လှန်ရေးမဟာမိတ်များထံသို့ အလင်းဝင်ရောက်ခဲ့ကြသည်ဟု အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု – NPRF က ယနေ့ အသိပေးထားသည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် လူထုကို မလုံခြုံမှုနှင့် အကြောက်တရားများ ဖြစ်ပေါ်လာရေး ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးကာ လူငယ်ထုအပေါ် ခေါင်းပုံဖြတ် သွေးစုပ်၍ လူထုကို လူထုချင်း တိုက်သည့်နည်းဖြင့် စစ်အုပ်စုက သွေးခွဲအုပ်ချုပ်နေပြီး၊ အဓမ္မ စစ်မှုထမ်းစေခိုင်းမှုမှ ရရှိလာသော လူငယ်အင်အား (၇) သောင်းကျော်ကို ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် လူသားတံတိုင်းအဖြစ် အသုံးပြု ခိုင်းစေ စစ်ဆင်ကာ လူငယ်ထု၏ အလောင်းပုံတွင် စစ်အုပ်စုက အာဏာတည်ဆောက်နေသည်ဟုလည်း အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)ကလည်း ထုတ်ပြန်ပြောကြားထားသည်။

#RedNews #RedNewsAgency #RNA

By RNA Editor