အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

RNA_ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။

အမေရိကန် အစိုးရအပြောင်းလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာစုံရိုက်မှုများ လျော့ကျလာခဲ့ပေမဲ့ BRAVE Burma Act၊ Burma GAP Act၊ No New Burma Funds Act စသည့် ဥပဒေကြမ်းများ အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်ရန် အမေရိကန်လွှတ်တော်က မေ့လျော့မနေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မြန်မာစစ်ကောင်စီကို အရေးယူမည့် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူမည့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မည့် Burma Genocide Accountability and Protection Act (Burma GAP Act- H.R.4140) ဥပဒေကြမ်း၊ ဘဏ္ဍာရန်ပုံငွေ မရောက်ရှိရေး No New Burma Funds Act (H.R.4423) ဥပဒေကြမ်းတို့ကို အမေရိကန်အောက်လွှတ်တော်ကော် ရေးရာကော်မတီများက ဇူလိုင် ၂၂ ရက်နေ့က အတည်ပြုလိုက်သည်။

“အမေရိကန်အစိုးရ အပြောင်းအလဲဖြစ်တဲ့နောက်ပိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာရုံစိုက်မှုတွေ နိင်ငံတစ်ကာနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ လျော့ကျလာတာ ရှိပေမဲ့ အခုလိုမျိုး ဥပဒေသုံးရပ်ကို အောက်လွှတ်တော်ကော်မတီကနေ ထပ်မံပြီးတော့ အတည်ပြုလိုက်တဲ့ အရာက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်ဖို့ အမေရိကန်လွှတ်တော်တွေကနေ မမေ့လျော့ဘူးဆိုတာ ပြလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်း သုံးရပ်က လက်ရှိမြန်မာပြည်သူတွေလိုအပ်နေတဲ့ အကူအညီတွေကို ပိုမိုအာရုံစိုက်ဖို့ရယ် အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှုတွေပိုမိုရှိလာဖို့အတွက် လုပ်ဆောင်ထားတဲ့ အရာတွေဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက Red News Agency ကိုပြောသည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေသော ငွေကြေး၊ လက်နက်အပါအဝင် ပြည်သူများကို နေစဉ်လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် လေယာဉ်ဆီဖြတ်တောက်ရေးအပါအဝင် ပိတ်ဆို့အရေးယူမှု အမျိုးအမျိုးကို အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများက နိုင်ငံတကာကို အစဉ်အမြဲတောင်းဆိုနေကြကြောင်း၊ စစ်ကောင်စီ၏ နေ့စဉ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ထိရောက်စွာ တားဆီးနိင်ရေးအတွက် အမေရိကန်အနေဖြင့် လေယာဉ်ဆီရောင်းချပေးနေသည့် နိုင်ငံတကာကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန်နှင့် အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများကလည်း စစ်ကောင်စီထံစီးဆင်းနေသော လေယာဉ်ဆီများကို ပိတ်ပင်ပစ်ရန် လိုအပ်နေသည်ဟု Justice For Myanmar အစဉ်တစိုက် တိုက်တွန်းနေသည်။


အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဥပဒေ (၃) ရပ် နှင့်ပတ်သက်ပြီး ကောင်းသည့်ကိစ္စများဖြစ်လာနိုင်ကြောင်း၊ ဥပဒေအတည်ပြုပြဌာန်းပြီးပါက နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များကို အကာအကွယ်ပေးနိုင်၊ လူသားချင်းစာနာမှု အကူအညီများပေးနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်ကြောင်း၊ စစ်အုပ်စုထံ စီးဆင်းနေသည့် လေယာဉ်ဆီ အပါအဝင် ငွေကြေးများ ဖြတ်တောက်နိုင်မှာ ဖြစ်သည့်အတွက် စစ်အုပ်စု အတော်လေး အထိနာလိမ့်မည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

အမေရိကန်အစိုးရအပြောင်းအလဲအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူသားချင်းစာနာမှုလုပ်ငန်းများ စသည့် ကူညီထောက်ပံ့ရေးကိစ္စများကို ဒေါ်နယ်ထရမ့်က ပိတ်ပစ်လိုက်သည့်အတွက် နယ်စပ်ရှိ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များ အခက်အခဲများဖြစ်ပွားခဲ့ရကြောင်း၊ မြန်မာစစ်အုပ်စုအနေဖြင့်လည်း နေ့စဉ် ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့်အပြင် ကျေးရွာများကို မီးရှို့ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် လူသားချင်းစာနာမှုအကူအညီများမှာ နေ့စဉ်လိုအပ်နေကြောင်း သိရသည်။

“အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုကို အကူအညီမပေးဖို့ ထောက်ပံ့မှုတွေမပေးဖို့ အရပ်သားပြည်သူတွေအပေါ်မှာ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ပြဌာန်းပြီးသားအရာတွေ ပိုမိုထိရောက်အောင်မြင်ပြီးတော့ ဆက်လက်ကူညီသွားဖို့အတွက် ရည်ရွယ်တာဖြစ်တယ်။ ဒါက ကြိုဆိုသင့်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒါတွေက အခုမှစတင်ပြီးတော့ အောက်လွှတ်တော်ကော်မတီတွေက ဆုံးဖြတ်တယ် အဲဒီကနေမှတဆင့် အထက်လွှတ်တော် ပြန်သွားရမှာဆိုတော့ အချိန်ကာလ တစ်ခုကတော့ လိုအုံးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူတွေရဲ့ လက်ရှိဆင်နွှဲနေတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး သူတို့ကြောင့်ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အလေးထားပြီး ဆက်လက်လုပ်ဆောင်နေတာတွေ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor