တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ NORINCO အား နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန်တောင်းဆို

Written by

in

RNA_ ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအရ မြန်မာစစ်အုပ်စုအား လက်နက်ရောင်းချထောက်ပံ့ရာတွင် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) ၏ ဆက်လက်ကြံရာပါဖြစ်နေမှုကို အတည်ပြုနိုင်သည့် အတွက် NORINCO ကုမ္ပဏီအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်ဟု Justice For Myanmar ထုတ်ပြန်တောင်းဆိုထားသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ နှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ လေ့ကျင့်သင်ကြားမှုများနှင့် စောင့်ကြည့်ထောက်လှမ်း ရေးနည်းပညာများ လွှဲပြောင်းပေးအပ်မှုများ ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုထားပြီး၊ အစိုးရများအနေဖြင့် NORINCO ကုမ္ပဏီအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်ဟု ပြောကြားထားသည်။

မန္တလေး PDF သိမ်းဆည်းရမိသည့် လက်နက်များတွင် NORINCO ထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်များပါဝင်ပြီး၊ ယင်းစက်သည် တိုက်ပွဲအတွင်း မိုင်းကွင်းအား ဖြတ်ကြောင်းတစ်ခု ဖန်တီးရာတွင် အသုံးပြုကြောင်း၊ ယင်းစက်များကို စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးကို တာဝန်ယူရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး နှင့် ၂၀၁၇ ခုနှစ် စာချုပ်အရ စစ်အုပ်စုထံ NORINCO ကုမ္ပဏီက ရောင်းချပေးအပ်ခဲ့ပုံရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ NORINCO ၏ ကုမ္ပဏီခွဲ China Wanbao Engineering Corporation သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅-၁၀ မီလီယံတန်ဖိုးရှိ ထုတ်ကုန်များကို မြန်မာစစ်အုပ်စုထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့သည်ဟု သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA