RNA_ဇူလိုင်(၂၃)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦး၏ တပ်စု၂၊ တပ်စုမှူး၊ အမှတ် (၈) စစ်ကြောင်း၏ တပ်စိတ်မှူး ရဲဘော်စိုင်းနောင်(ခ)ရဲဘော်ထွန်းခ (အသက် ၁၉ နှစ်)၏ ဈာပနအခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ ယာယီဌာနချုပ် တနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို အမှတ် (၈) စစ်ကြောင်းရဲဘော်များနှင့် မဟာမိတ်များပူးပေါင်းပြီး ဇူလိုင်လ (၁၇) ရက်နေ့က တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)မှ ရဲဘော် စိုင်းနောင် (ခ) ရဲဘော် ထွန်းခနှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၏ စစ်ဦးစီးရေးချုပ် တာဝန်ဖြင့်လည်းကောင်း၊ အမှတ် (၈) စစ်ကြောင်း၏ သက်တမ်းသုံးကြိမ်လုံးတွင် စစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်နေသော ရဲဘော် နဂါးတို့ ကျဆုံးခဲ့ရပြီး၊ ရဲဘော် စိုင်းနောင် (ခ) ရဲဘော်ထွန်းခ၏ ဈာပနကို ဇူလိုင် (၁၉) ရက်နေ့က ကျင်းပခဲ့သည်။
ရဲဘော်စိုင်းနောင်(ခ) ရဲဘော်ထွန်းခသည် တပ်ဦး၏အကျိုးကိုရှေးရှုကာ တာဝန်များကို ကိုယ်ကျိုးစွန့်၍ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး တပ်ဦး၏ ညီညွတ်ရေး၊ ညီညွတ်ရေး၏ ရှေ့ဆောင်လမ်းပြဖြစ်သော အမှတ် (၈) စစ်ကြောင်းတွင်လည်း သက်တမ်းသုံးခုလုံးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အဖိနှိပ်ခံလူထုအတွက်တိုက်ပွဲများကို သူ၏ အသက် ကျဆုံးသည်အထိ ရွပ်ရွပ်ချွံချွံ ဆင်နွှဲခဲ့သည်ဟု PRF ကထုတ်ပြန်ထားသည်။
လက်ဆည်ရဲစခန်းသိမ်းပိုက်နိုင်ရေးတိုက်ပွဲကို တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်ရည်ကာ စုဖွဲ့တိုက်ပွဲဝင်နေသည့် အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုဖြင့် ပခုက္ကူခရိုင်တပ်ရင်း-၁၉၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့)၊ အညာမြေ တပ်ပါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု(PLC) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။
မကွေးတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နေသော အမှတ် (၈) စစ်ကြောင်းသည် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တို့ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ အကောင်အထည်ဖော်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ပါ ပူးပေါင်းပါဝင်ထားသည့် စစ်ကြောင်းဖြစ်သည်။
#RedNewsAgency #RNA #REDNEWS