RNA_ဇူလိုင်( ၁၈)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီလက်အောက်ခံ အသက် (၁၅) နှစ်အရွယ် တပ်သားနှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄)ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများမှာ ခမရ ၃၆ မှ တပ်သားရဲကျော်ကျော်၊ ခမရ ၂၅၅ မှ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် နှင့် ခလရ ၅၀ မှ တပ်သားထွန်းမြေ့အေးတို့ကို လမ်းစားရိတ်အနေဖြင့် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ ဇူလိုင် (၁၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၅) ဦးထဲမှ တပ်သားစိုးတာသည် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း PLA ကထုတ်ပြန်ထားသည်။
ပြန်လွှတ်ပေးလိုက်သည့် တပ်သားနေထက်လင်းသည် အသက် (၁၅) နှစ်သာရှိသေးပြီး ရန်ကုန်တွင် အကင်ရောင်းစဉ် အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းခဲ့ရသူဖြစ်ကြောင်း၊ စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးငယ်များကိုပင် ပေါ်တာဆွဲကာ စစ်မှုထမ်း လူအင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA သည် စစ်မြေပြင်တွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို လူသားဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်လျှောက်လျက်ရှိကြောင်း၊ ဒဏ်ရာရသုံ့ပန်းများကိုလည်း ဆေးကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး၊ သုံ့ပန်းများကို ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA