RNA_ဇူလိုင်(၉)၊၂၀၂၅ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွက် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ၏ ဖားကန့်အခြေစိုက် တပ်မ ၃၃ တပ်မမှူးအသစ်ရောက်ရှိလာပြီးနောက်ပိုင်း ပိတ်လိုက်သည့်အတွက် ဖားကန့်တွင်ဆန်ဝယ်ယူရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။
“တပ်မမှူး အဟောင်းလေ၊ ပြုတ်သွားတဲ့ဟာက သယ်ယူခွင့် လက်မှတ်ထိုးပေးတယ်၊ အခုက ကချင်ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီးရဲ့ ခွင့်ပြုချက်ရမှ သယ်ခွင့်ပြုတော့မှာ၊ နယ်လုံဝန်ကြီး ခွင့်ပြုချက်ရဖို့ကလည်း အခုက ခက်ခဲနေတာပေါ့” ဟု ဖားကန့်ဆန်ကုန်သည်တစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ Lucky Men ဟိုတယ်တိုက်ပွဲတွင် ဆန်ဆိုင်အချို့မှ ဆန်ဂိုဒေါင်ဖောက်ယူခံရသည့်ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသည့်အတွက် စစ်ပွဲစတင်ချိန်တွင် ဆန်ကုန်သည်များက ဆန်သိုလှောင်ခြင်းမျိုး မလုပ်ခဲ့ကြသည့်အတွက်လည်း ယခုအချိန် ဆန်ပြတ်လပ်ရခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဖြင့် အရေးယူခံရသည့် ဖားကန့်ရှေ့တန်းတပ်မ (၃၃) တပ်မမှူးဟောင်း ကျော်ဆက်မြင့်လက်ထက်တွင် ပွဲစားမှတဆင့် အခွန်ဆောင်ပြီး ခွင့်ပြုချက်ရယူကာ သယ်ဆောင်ခွင့်ပြုသည်။
“စကစ က စစ်ဆင်ရေးလုပ်ရင် အဲ့လိုပဲ လုပ်လေ့လုပ်ထရှိတယ်၊ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ KIA/KPDF မှာက တိုက်ပွဲဖြစ်ရင်သုံးဖို့ ဆန်တွေရှိပြီးသား၊ တိုက်ရိုက် သက်ရောက်မှာက ပြည်သူလူထုပဲ၊ ဒါကိုလည်း စကစ သိတယ်၊ ပြည်သူလူထုကို အကျပ် ရိုက်စေချင်လို့ လုပ်တာပါပဲ” ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်သည် အခြားမြို့နယ်များနှင့် နီးကပ်ခြင်းမရှိ သီးခြားအစွန်မြို့ဖြစ်သည့်အတွက် ဝင်ထွက်ပေါက် (၂) ခုဖြစ်သော ကာမိုင်း-ဖားကန့်လမ်းနှင့် အင်းတော်ကြီး-ဝှေခါလမ်းကိုသာ အသုံးပြုနေကြရကြောင်း၊ ကာမိုင်း-ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ အင်းတော်ကြီး-ဝှေခါလမ်းမှ ဆန်တင်ဆောင်သည့်ကားများအား စစ်ကောင်စီ၏ နန့်မွန်းဂိတ်နှင့် လုံးတုံဂိတ်များက ဖားကန့်သို့သယ်ယူဖြတ်သန်းခွင့်မပြုပဲ ပိတ်ပင်ထားသည်ဟု သိရသည်။
အင်းတော်ကြီး ဒေသထွက် ယခုလက်ရှိ ဆန်ပေါက်ဈေးအရ ချင်းတုန်း (၂၄) ပြည်အိတ် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်း(၂၄)ပြည် တစ်အိတ် (၁၆၀၀၀၀)ကျပ်ဖြစ်ပြီး၊ ပြည်ချင်ဝယ်ယူပါက ချင်းတုန်း တစ်ပြည် (၅၅၀၀)ကျပ်၊ ဧရာမင်းရိုးရိုးတစ်ပြည် (၇၀၀၀)ကျပ်၊ ဧရာမင်းရှယ်တစ်ပြည် (၈၀၀၀)ကျပ်နှုန်း ဖြင့် ရောက်ရှိလာသောဆန်များအား ရောင်းဝယ်နေကြသော်လည်း ရေရှည်တွင် အခက်အခဲ ကြုံလာနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ပြင်နေချိန်ဖြစ်ပါတယ်၊ ဖားကန့်မြို့ပေါ် ရွေးကောက်ပွဲလုပ်နိုင်ဖို့ ရည်ရွယ်ထားဟန်လည်းရှိပါတယ်၊ လုပ်နိုင် မနိုင်တော့ မသိဘူး၊ ခုလည်း ပြည်သူက သူတို့ကို အားကိုးစေဖို့ ရည်ရွယ်တာလို့မြင်တယ်၊ သူ့လက်ခုပ်ထဲက ရေပဲဆိုတာ ပြချင်တာလည်းပါတာပေါ့၊ ဒါကြောင့် သူ့အနေနဲ့ ဆန်တင်သွင်းမှုကို အကြာကြီး ပိတ်ထားလိမ့်မယ်တော့ မထင်ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောပြထားသည်။
စစ်ကောင်စီက ဆန်သယ်ခွင့်ပိတ်ထားသည်မှာ တစ်လခန့်ကြာမြင့်လာပြီး လက်ရှိတွင် အင်းတော်ကြီးအရှေ့ကမ်း လုံးစန့်မှ ဆန်များတင်သွင်းပြီး အခက်အခဲကို ဖြေရှင်းနေကြသော်လည်း ရေရှည်ပိတ်ပင်ထားပါက အဆင်မပြေသည့်အတွက် ဆန်ကုန်သည်များက နယ်လုံပါမစ်ဖြင့် သယ်ယူခွင့်ရရန် ကြိုးစားနေကြကြောင်း သိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA