အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

“စစ်ကောင်စီအနေနဲ့ တရားဝင်မှုကို ရယူနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ “လုံးဝကို မရနိုင်ပါဘူး”လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အာဏာရှိနေမှုဟာ တရားဝင်မှုကို မရနိုင်ပါဘူး”

ကျော်ကြီး

ပြည်သူလူထုသာလျှင် အစိုးရတစ်ရပ်ရဲ့ အာဏာကိုဖန်တီးပေးနိုင်ပြီး အာဏာရဲ့ တရားဝင်အရင်းအမြစ်ဖြစ်တယ်။ အစိုးရအားလုံးရဲ့ တရားဝင်မှုဟာ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်အပေါ်မှာသာ အခြေခံတယ်လို့ အမေရိကန်နိုင်ငံရဲ့ လေးဆက်မြောက်သမ္မတကြီး ဂျိမ်းမက်ဒီဆင်က ပြောခဲ့ပါတယ်။ ဒီအဆိုတွေဟာ ခေတ်သစ်ဒီမိုကရေစီစနစ် ဖြစ်တည်လာကာစ ဥရောပဉာဏ်အလင်းခေတ်လို့ ဆိုကြတဲ့ ၁၇-၁၈ ရာစု သမိုင်းမှတ်တမ်းထဲက အနှစ်သာရပြည့်ဝတဲ့ အခြေခံအယူအဆအတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ အုပ်ချုပ်မှုမူဝါဒတွေဟာ ၂၀ ရာစုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလအတွင်းကထဲက ကမ္ဘာ့နိုင်ငံအများအပြားမှာ အောင်အောင်မြင်မြင် အခြေပြုနိုင်ခဲ့ပြီး ဒီနေ့ကမ္ဘာမှာတော့ အားကောင်းနေခဲ့ပါပြီ။ ဆက်ရရင်တော့ ဒီမိုကရေစီစနစ်ဟာ ပြည်သူလူထုက စတင်တဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှု၊ နောက် ဥပဒေအထက်မှာ ဘယ်သူမှမရှိရ ဆိုတဲ့အချက်တွေကို အခြေခံထားတဲ့စနစ်ဖြစ်တာကြောင့် အုပ်ချုပ်ခံပြည်သူလူထုရဲ့ သဘောတူညီမှု မရရင် ဘယ်လိုအစိုးရမျိုးမှ တရားဝင်မှုကို မရနိုင်ပါဘူး။

အာဏာ (authority) ရှိခြင်းဟာ တရားဝင်မှု (legitimacy) နဲ့ ပေါင်းစပ်နိုင်မှသာ တရားဝင် အာဏာရအစိုးရ ဒါမှမဟုတ် ပြည်သူလက်ခံတဲ့ အုပ်ချုပ်ရေးတရားဝင်မှု (Political legitimacy) ကို ရနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ စစ်တပ်က လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာသိမ်းထားပြီး တရားဝင်မှုကို ရယူနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အုပ်ချုပ်မှုအာဏာ (authority) နဲ့ တရားဝင်မှု (legitimacy) တို့ရဲ့ သဘောတရားအကျိုးဆက်တွေက ထင်ထင်ရှားရှား ပေါ်ထွက်နေပါတယ်။ ကြည့်မြင်နိုင်မယ်ဆိုရင် အာဏာနဲ့ တရားဝင်မှုကြားက ကွာဟချက်တွေကိုလည်း တွေ့ရမှာဖြစ်သလို အာဏာဆိုတာဘာလဲ၊ တရားဝင်မှုကရောဘာလဲ ဆိုတာကိုပါ သိမြင်နိုင်ပါတယ်။

နိုင်ငံ့ဖွဲ့စည်းပုံ အခြေခံဥပဒေတွေအရ ငါတို့မှာ အာဏာရှိပါတယ်လို့ စစ်အာဏာရှင်တွေက ဘယ်လောက်ပြောပြော၊ အာဏာရှိလို့ မင်းတို့ကို အမိန့်ပေးနိုင်တယ်ကွလို့ စစ်တပ်က ဘယ်လောက်ပဲဆိုဆို လက်တွေ့မှာတော့ သူတို့အတွက်မရနိုင်သေးတဲ့ တရားဝင်မှုကို ရယူနိုင်ဖို့အတွက် အသည်းအသန်ကြိုးပမ်းနေကြရတဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် စစ်ကောင်စီမှာ တရားဝင်မှုရှိရဲ့လားဆိုတာက မေးခွန်းထုတ်စရာမလိုအောင် အဖြေထွက်ပြီးသားဖြစ်နေပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ဗန်းပြလာတဲ့ လက်ရှိအခြေအနေမှာ အာဏာရှင်တွေအနေနဲ့ သူတို့ကြိုးစားပမ်းစားရှာဖွေနေရတဲ့ တရားဝင်မှုကို ရယူသွားနိုင်မှာလားဆိုတာကလည်း မေးခွန်းထုတ်ရမလို ဖြစ်လာပါတယ်။ ဒီမေးခွန်းထဲက အာဏာ (authority) နဲ့ တရားဝင်မှု (legitimacy) တို့ရဲ့ သဘောတရားတွေကို တိတိကျကျနားလည်ထားဖို့ကလည်း လိုအပ်လာပါတယ်။

လေ့လာကြည့်တဲ့အခါ အာဏာ (authority) ဆိုတာဟာ လူမှုဆက်ဆံရေးအတွင်းမှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ညွှန်ကြားခွင့်၊ အမိန့်ပေးခွင့်ရှိပါတယ်ဆိုတဲ့ အယူအဆပါ။ ဥပမာဆိုရရင် အုပ်ချုပ်သူတွေက အုပ်ချုပ်ခံတွေကို အမိန့်ပေးခိုင်းစေကြတာမျိုး ဆရာနဲ့တပည့်၊ အလုပ်ရှင်နဲ့အလုပ်သမား၊ မိဘနဲ့ သားသမီးကြားက စိုးမိုးမှု၊ အပြန်အလှန်တုံ့ပြန်မှုတွေမှာလည်း တွေ့နိုင်ပါတယ်။ နိုင်ငံအနေနဲ့ဆိုရင်တော့ ပုံမှန်အားဖြင့် အစိုးရတစ်ရပ်က ပြည်သူလူထုကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ညွှန်ကြားချက်ထုတ်ခွင့်ရှိတာမျိုး၊ အရေးကြုံလာတဲ့ အခြေအနေတစ်ခုအတွင်းမှာ သက်ဆိုင်တဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုခုက လမ်းညွှန်ချက်ထုတ်တာမျိုးတွေပေါ့။

ဒီမိုကရေစီစနစ်မှာ အာဏာ (authority)ရဲ့ သတ်မှတ်ချက်ဟာ ပြည်သူလူထုရဲ့ လက်ထဲကဆင်းသက်လာတာလို့ အခိုင်အမာဆိုထားပါတယ်။ အုပ်ချုပ်သူအစိုးရတစ်ရပ်ရဲ့ အာဏာကိုရွေးကောက်ပွဲတွေ ပြည်သူ့ဆန္ဒခံယူပွဲတွေကနေ ပေးအပ်တာဖြစ်ပြီး အဲ့ဒီအာဏာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးခုမှာ ခွဲဝေထားကာ အပြန်အလှန်ထိန်းကျောင်းမှု (Checks and Balances) ထားကြပါတယ်။ ဒီမဏ္ဍိုင်သုံးရပ်က ဘာတွေလုပ်နေတယ်ဆိုတာကို ပြည်သူလူထုကသိရှိဝေဖန်သုံးသပ်နိုင်ဖို့ အချက်အလက်မှန်တွေနဲ့ နေ့စဉ်ဖော်ပြပေးရင်း အာဏာကို စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးမှာ အဓိကတာဝန်ရှိသူတစ်ရပ်အဖြစ်ပါဝင်တဲ့ သတင်းမီဒီယာတွေရဲ့ ကဏ္ဍကိုလည်း စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားပါသေးတယ်။

သတင်းမီဒီယာတွေဟာ ဒီမိုကရေစီရဲ့ မျက်စိ၊ နားနဲ့ ပါးစပ်လို့ တင်စားကြပြီး အစိုးရရဲ့ အာဏာကို စောင့်ကြည့်၊ ပြည်သူကို အသိပေး၊ အမှားကို ဖော်ထုတ် အမှန်ကို သမိုင်းတင်ပေးကြပါတယ်။ အာဏာရဲ့ ဆိုလိုရင်းကို ချုပ်ရရင်တော့ ယုံကြည်မှု၊ မယုံကြည်မှုတွေအပေါ်မှာ စီးမိုးထားပြီး တာဝန်ယူမှု ဒါမှမဟုတ် တာဝန်မဲ့မှုနဲ့ အမိန့်ပေးတာ၊ စေခိုင်းတာ၊ ညွှန်ကြားတာ စသဖြင့် လုပ်ဆောင်ကြတာလို့ ဆိုနိုင်ပါတယ်။

တရားဝင်မှု (legitimacy) ဆိုတာကတော့ အမိန့်ကို လက်သင့်ခံနိုင်တဲ့ အခြေခံ (justified to obey) ရှိတယ်၊ ဥပဒေ (Law) အရ၊ အကျင့်စာရိတ္တ (Morality) အရ၊ ယဉ်ကျေးမှုဓလေ့ (Cultural norms) အရ အကျိုးအကြောင်း ညီညွတ်မှုရှိပြီး အများက လက်သင့်ခံနိုင်တယ်ပေါ့။ ဥပမာဆိုရရင် မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်ကြားမှာ ယဉ်ကျေးမှုဓလေ့အရ၊ အကျင့်စာရိတ္တအရ အလက်သင့်ခံကြတာမျိုး၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံပြည်သူလူထုကြားမှာ ဥပဒေအရ၊ စည်းမျဉ်းစဉ်းကမ်းအရ၊ မူဝါဒအရ လက်သင့်ခံတာမျိုးပေါ့။ အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုအနေနဲ့ဆိုရင်တော့ ပြည်သူလူထုရဲ့ ထောက်ခံမှု (Public Consent) နဲ့ ဥပဒေအရအသိအမှတ်ပြုမှု (Legal Recognition) တွေအပေါ်အခြေခံပြီးဖြစ်ပေါ်လာတဲ့ အာဏာရဲ့ တရားဝင်လုပ်ပိုင်ခွင့် (Right to Rule) ကို ရည်ညွှန်းတာပဲဖြစ်သလို နိုင်ငံတကာအသိအမှတ်ပြုမှု (International Recognition) ကိုလည်း ရထားတာကိုဆိုပါတယ်။ တရားဝင်မှုဆိုတာက ဥပဒေအပေါ်မှာတင် မူတည်တာမကဘဲ ကျင့်ဝတ်အမြင်တွေနဲ့ပါ တည်ဆောက်ထားတဲ့ သဘောတရားတစ်ခုပဲဖြစ်ပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ တရားဝင်မှုရှိဆိုတာမှာ ပြည်သူလူထုက အစိုးရအာဏာအပေါ် ဘယ်လောက်အထိ မေးခွန်းထုတ်နိုင်လဲ၊ အစိုးရက ပြည်သူလူထုကို ဘယ်လောက်အထိပြန်ရှင်းပြနိုင်လဲဆိုတဲ့ အပြန်အလှန်ဆက်သွယ်မှု သဘောတရားကလည်း အရေးပါလှပါတယ်။ ဥပဒေအရပါဆိုတိုင်း လက်သင့်ခံနိုင်စရာမရှိဘဲ အဲ့ဒီဥပဒေတွေ၊ အမိန့်တွေ၊ မူဝါဒတွေဟာ လူ့တန်ဖိုးနဲ့ ကိုက်ညီသလား၊ စိတ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအတိုင်းအတာတွေနဲ့ လိုက်နာသင့်တာလား၊ လိုက်နာရမယ့် တာဝန် တကယ်ရောရှိနေလား၊ စတဲ့ မေးခွန်းတွေနဲ့ ပြန်ဆင်ခြင်သုံးသပ်ရမှာဖြစ်ပါတယ်။

ပြည်သူတစ်ယောက်အနေနဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့် (freedom to contest) ရှိမရှိက အစိုးရရဲ့ တရားဝင်မှုရှိ၊ မရှိကို ခွဲခြားပေးနိုင်တဲ့ အဓိကသက်သေတစ်ခုပါပဲ။ အာဏာကို မေးခွန်းပြန်ထုတ်ခွင့်ရှိတဲ့ အခြေအနေကသာ တရားဝင်မှုကို ဖန်တီးပေးနိုင်တာဖြစ်ပါတယ်။ ဆိုရရင် တရားဝင်မှုမရှိတဲ့ အာဏာဟာ အင်အားသုံးအုပ်စိုးထားတဲ့ အတုအယောင်အာဏာဖြစ်ပြီး အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ တစ်ဖက်သတ်စေခိုင်းမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေသာ ဖြစ်ပါတယ်။ အတုအယောင်အာဏာဟာ စစ်မှန်တဲ့တရားဝင်မှုမရှိတဲ့အတွက် ပြည်သူ့အသံ၊ ပြည်သူ့လွတ်လပ်ခွင့်၊ အခွင့်အရေးတွေကို ပိတ်ဆို့ထားပြီး စတုတ္ထမဏ္ဍိုင်ကိုပါ ချုပ်ကိုင်ထားရပါတယ်။ ဒီတော့ အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုကို လွတ်လပ်ခွင့်တွေက ကိုယ်စားပြုတယ်လို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီဟာ သူ့ရဲ့တရားဝင်မှုကို တရုတ်၊ ရုရှား၊ အိန္ဒိယစတဲ့ နိုင်ငံတကာဆက်ဆံရေးတွေ၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေကနေ ရရှိနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ တစ်ချိန်ထဲမှာလည်း ဒေသတွင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပြည်သူလူထုကို အကြောက်တရား ကြီးကြီးမားမားပေးနိုင်ဖို့ တောက်လျှောက်လုပ်ဆောင်နေပါတယ်။ မြေပြင်မှာ အကြမ်းဖက်လုပ်ဆောင်မှုတွေနဲ့အတူ တစ်ဆက်ထဲမှာပဲ မီဒီယာထိန်းချုပ်မှုတွေကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေပြီး သတင်းမှားဖြန့်ချိမှုတွေ၊ ဝါဒဖြန့်ချိမှုတွေနဲ့ ပြည်သူကို အတုအယောင်တည်ငြိမ်အေးချမ်းမှုတွေ‌ ဖော်ပြကာ တရားဝင်မှုကို ရဖို့ကြိုးစားနေပြန်ပါတယ်။

ပြည်သူလူထုရဲ့ သိမြင်မှုတွေကို ဖျက်ဆီးဖုံးကွယ်ပြီး တရားဝင်မှုကို မမြင်နိုင်တော့တဲ့အထိဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေးတွေနဲ့ ဝါဒဖြန့်နေပါတယ်။ ဒါတွေကတော့ လက်ရှိအခြေအနေမှာ ယေဘူယျအနေနဲ့တွေ့မြင်နေရတဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုရဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ပြီး စစ်ကောင်စီအနေနဲ့ တရားဝင်မှုကို ရယူနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ “လုံးဝကို မရနိုင်ပါဘူး”လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အာဏာရှိနေမှုဟာ တရားဝင်မှုကို မရနိုင်ပါဘူး။ နောက်ပြီး နိုင်ငံတကာမှာ အမြင်ကောင်းဖို့ ၊ ပြည်သူလူထုကို ကြောက်လန့်ပြီး အမြင်အကြားပိတ်ဆို့ထားဖို့၊ ပြည်သူ့လွတ်လပ်ခွင့်မပါတဲ့ ရွေးကောက်ပွဲကိုဖန်တီးဖို့၊ ပျက်စီးနေတဲ့ မဏ္ဍိုင်သုံးရပ်အတွက် စတုတ္ထမဏ္ဍိုင်ကို အတုအယောင်နဲ့အစားထိုးဖို့ စတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေထဲက ဘယ်အရာကမှ အာဏာတရားဝင်မှုကို ရအောင် ယူနိုင်စွမ်းမရှိပါဘူး။

စစ်မှန်တဲ့ အာဏာတရားဝင်မှုဆိုတာဟာ အစိုးရက ပြည်သူလူထုဆီက အတင်းအကြပ် ဓားပြတိုက်ယူလို့ ရနိုင်တာမျိုးမဟုတ်ပါဘူး။ အာဏာဟာ အစိုးရပိုင်မဟုတ်ဘဲ ပြည်သူပိုင်သာဖြစ်ပါတယ်။ ပြည်သူကမပေးသ၍ မရနိုင်သလို ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေ၊ မေးခွန်းထုတ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို အစိုးရအနေနဲ့ လက်သင့်ခံ တာဝန်ယူဖြေရှင်းနိုင်တဲ့အခါမှသာ အာဏာတရားဝင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ စတုတ္ထမဏ္ဍိုင်ရဲ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အကျိုးဆက်ကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အစိုးရတစ်ရပ်ကသာ တရားဝင်အာဏာကို ရယူနိုင်မှာသာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူ့အသံကို ဖိနှိပ်ထိန်းချုပ်ပြီး လက်ခံမှုရရှိဖို့ ကြိုးစားတာဟာ တရားမဝင်တဲ့ အာဏာသာဖြစ်နေပြီး အစိုးရတစ်ရပ်အနေနဲ့ ပြည်သူပိုင်အာဏာကို အမှန်အတိုင်းကိုယ်စားပြုနိုင်မှသာ စစ်မှန်တဲ့အာဏာတရားဝင်မှုကိုရရှိမှာဖြစ်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ အာဏာတရားဝင်မှုတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ကြောက်ရွံ့မှုတွေထဲကနေတိုးထွက်ပြီး မေးခွန်းထုတ်မှုတွေ၊ သုံးသပ်မှုတွေနဲ့ ဝိုင်းဝန်းဆွေးနွေးတော်လှန်မှုတွေကို ပြုလုပ်နေဖို့ကလည်း ကျွန်တော်တို့ ပြည်သူလူထုရဲ့ အရေးကြီးဆုံးတာဝန်တစ်ခု ဖြစ်နေပြန်ပါတယ်။

ကိုးကား –
“The people are the only legitimate fountain of power.”
“All governments rest on opinion.” – James Madison (4th U.S President)
Facing Authority: A Theory of Political Legitimacy (Thomas Fossen) Aye Chan

#RedNewsAgnecy #RedNews #RNA

By RNA Editor