RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဦးဆောင်ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ် (၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားအား တအာင်းပြည်တစ်နေရာတွင် ဇွန်လ ၂၅ ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဟု ယနေ့ TNLA ကထုတ်ပြန်ထားသည်။
နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားသို့ PSLF/TNLA၏ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ (၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လအပါအဝင် တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူများ၊ ကျောင်းသူ ကျောင်းသား မိသားစုဝင်များပါအဝင် (၆၀၀) ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။
“တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိ အားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီဖြစ်ရာ လက်ရှိ မိမိတို့ လက်ထက်တွင် နိုင်ငံရေးအား သတ္တိရှိရှိလုပ်ကြရန် အချိန်တန်ပြီဖြစ်သည်။ ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း ရနံ့မွှေးသည့် ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုကြောင်း” ဟု ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဘွဲ့နှင်းသဘင်အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဤကျောင်းသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၃)နှစ်ကြာကာလတွင် ကျောင်းသား (၁၅)ဦး နှင့် ကျောင်းသူ (၂၀) ဦး စုစု ပေါင်း (၃၅)ဦး တတ်ရောက်သင်ကြားခဲ့သည်။ အခမ်းအနားတွင် နိုင်ငံရေးသိပ္ပံကျောင်းမှ (၃)နှစ်ကာလအတွင်း အောင်မြင်ပြီးမြောက်သော ကျောင်းသူ/သားများကို ဒီလိုပလိုမာဘွဲ့အပ်နှင်းခြင်း၊ ထူးချွန်သည့် ကျောင်းသူ/သားများကို ဆုချီးမြှင့်ပေးခြင်းနှင့် သင်ကြားပေးသည့် ဆရာ/မများအား ဂုဏ်ပြုမှတ် တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA