RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင် အင်အား (၃၀) ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ စခန်းကို မေလ ၂၅ ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို ရဲဘော်များက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်ရုံစုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား မေလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ (၃) နာရီကျော်ကြာ တိုက်ခိုက်ပြီးနောက် လက်နက်ကြီးပစ်ကူများကြောင့် အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များ အနည်းငယ်နောက်ဆုတ်ပေးပြီးနောက် ညနေ (၅)နာရီခန့်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အနည်းဆုံး (၈) ဦးသေဆုံးသည့်အတွက် အလောင်းများသယ်ကာ စစ်ကောင်စီတပ် စခန်းမှဆုတ်ခွါသွားသည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ကယနေ့ ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း အထိနာသေဆုံးမှုများဖြင့် စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားသည့်အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို ရဲဘော်များနယ်မြေရှင်းလင်းစဉ် စခန်းအတွင်းမှ ၆၀မမ အသီး ၁၂လုံး၊ လက်ပစ်သီး ၅လုံး၊ ၅.၅၆ ကျည် ၃၀၀တောင့်၊ အီနာဂါပို့ကျည် ၅တောင့်၊ တူမီး ၁လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ပုံး၊ ဖိနပ် ၂ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ထည်၊ ဦးထုပ် ၃လုံး သိမ်းဆည်းရမိခဲ့ပြီး စခန်းအား မီးရှို့ရှင်းလင်းခဲ့သည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA