တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

“တော်လှန်ရေးတပ်သားတွေကြားမှာ စည်းကမ်းသေဝပ်တွေ၊ အမိန့်နာခံမှုတွေ၊ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်မှုတွေ၊ တော်လှန်ရေးအပေါ် ခိုင်မာယုံကြည်တဲ့စိတ်တွေ၊ အချင်းချင်းကြား ညီညွတ်မှုတွေ၊ လေးစားမှုတွေ၊ စစ်ရေးအသိဉာဏ်ပွင့်လင်းမှုတွေ “

ကျော်ကြီး

“အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ အစဖြစ်တယ်”လို့ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဝီလျှံရှိတ်စပီးယားက ပြောဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းခဲ့ကြရတဲ့ အတိတ်ကဖြစ်ရပ်အကြောင်းအရာတွေဟာ သမိုင်းဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကြသလို အဲ့ဒီအတိတ်သမိုင်းဖြစ်စဉ်အတွင်းက နိုင်ငံတစ်ခုရဲ့ အောင်မြင်မှု၊ ကျဆုံးမှု၊ ချွတ်ယွင်းမှု၊ ကောင်းမွန်မှုဆိုတဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေအပေါ် နောင်အနာဂါတ်ခေတ်အဆက်ဆက်က ပြည်သူလူထုဟာ လေ့လာဆင်ခြင်သုံးသပ်ခွင့်ရနိုင်တာကြောင့် အတိတ်သမိုင်းဖြစ်ရပ်တွေဟာ သင်ကြားလေ့လာနိုင်တဲ့ အဖိုးတန်သင်္ခန်းစာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

ဒီလိုနိုင်ငံတစ်ခုရဲ့ အတိတ်သမိုင်းဖြစ်ရပ်တွေကို လေ့လာသင်ယူသုံးစွဲခြင်းကနေ လက်ရှိပစ္စုပ္ပန်နဲ့ အနာဂါတ်မှာ အတိတ်ကထက် ပိုမိုကောင်းမွန်တည်ငြိမ်ပြီး တန်ဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုဖြစ်လာဖို့ ပြင်ဆင်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်ဆိုတာ ပစ္စုပ္ပန်ရဲ့အစဖြစ်ပြီး တန်းဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုကို တည်ဆောက်ကြတဲ့အခါမှာ အတိတ်သမိုင်းဖြစ်ရပ်ကို သိမြင်နားလည် အသုံးချနိုင်ခြင်းဟာ အရေးပါတဲ့အတွက် နိုင်ငံသစ်တစ်ခုရဲ့ အသိမှတ်ဉာဏ်အဖြစ် ဒါမှမဟုတ် ဦးနှောက်အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်လို့တောင် တင်စားဖွဲ့ဆိုနိုင်ပါတယ်။


မြန်မာနိုင်ငံမှာလည်း အခုကာလကတော့ အားလုံးသိတဲ့အတိုင်း လက်နက်ကိုင်တော်လှန်ရေးကို အရှိန်အဟုန်နဲ့ ခပ်ပြင်းပြင်းလေး သွားနေကြတာပါ။ ဒါပေမဲ့ မတူညီမှုတွေကြားမှာပဲ အောင်မြင်မှုတွေကလည်း မတူပါဘူး။ နှစ်ပေါင်းများစွာ လက်နက်ကိုင်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးလုပ်သူတွေထဲမှာတောင်​ အောင်မြင်မှုနဲ့ လူထုထောက်ခံမှုက မတူပါဘူး။ အဲလိုမတူတာတွေ ကွဲလွဲနေတာတွေက အားလုံးသိမြင်နေတဲ့အတိုင်းဖြစ်တော့ တော်လှန်ရေးလုပ်ရင်း (တော်လှန်ရေးလို့ စကားလုံးအကြီးကြီးကြီး ပြောချလိုက်တာပါ။ တစ်ကယ်တော့ စာရေးသူက စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ခဲ့ဖူးသူတစ်ယောက်သာဖြစ်ပါတယ်) အခုစာအုပ်လေးတွေ ဖတ်ဖြစ်တော့ အဲထဲက သိရတာလေးတွေ မျှဝေချင်တာပါ။

ဒီနှစ်ပိုင်းအတွင်းမှာ တရုတ်ပြည်ရဲ့ တော်လှန်ရေးသမိုင်း ကွန်မြူနစ်တွေနဲ့ ပတ်သက်ဆက်စပ်ပြီး ရေးထားတဲ့စာအုပ်တစ်ချို့ကို ဖတ်ဖြစ်ခဲ့တယ်။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအကြောင်းအရာတွေက ဆွဲဆောင်မှုရှိနေသလို ပင်မကြောရိုးဖြစ်တဲ့ ကွန်မြူနစ်တွေရဲ့ တရုတ်ပြည်တော်လှန်ရေးနဲ့ တော်လှန်ရေးအတွင်းက မဟာခရီးရှည်ချီတက်ပွဲကြီး (၁၉၃၄-၁၉၃၅) စာအုပ်ကလည်း တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တရုတ်နိုင်ငံလို အင်မတန်မှ နယ်မြေကြီးမားကျယ်ပြန့်ပြီး လူဦးရေထူတပ်များပြားလွန်းတဲ့ နိုင်ငံတစ်ခုမှာ တော်လှန်ရေးတစ်ရပ် အောင်မြင်မှုရအောင် ကွန်မြူနစ်တွေ ဘယ်လိုများစွမ်းဆောင်ခဲ့ကြတာလဲဆိုတဲ့ အချက်ကို နည်းနည်းလေးတော့ သိမြင်ခွင့်ရခဲ့ပါတယ်။

ဆက်ရရင်တော့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အနောက်ဖက်ကို ချီတက်လျှောက်လှမ်းရင်း အရှေ့ဖက်ကို သမ္မတအဖြစ် ပြန်လာမယ့်ခရီးစဉ်လို့ သတ်မှတ်ခဲ့ကြတဲ့ ဒီတော်လှန်ရေးခရီးစဉ်ဟာ မိုင်ပေါင်း ၈၆၀၀ ကျော် ခရီးရှည်ကြီးကို ၁၉၃၄ အောက်တိုဘာ ၁၆ ကနေ ၁၉၃၅ အောက်တိုဘာ ၂၀ အထိ နှစ်ချီကြာအောင် ချီတက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီချီတက်မှု စတင်စဉ်က လူပေါင်း တစ်သိန်းနီးပါး ပါဝင်ခဲ့ပြီး ခရီးစဉ်အဆုံးမှာ ၈၀၀၀-၉၀၀၀ လောက်သာကျန်ရှိတော့တဲ့အတွက် ခက်ခဲကြမ်းတမ်းမှုတွေ တိုက်ပွဲတွေ ဘယ်လောက်တောင်များခဲ့မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

ဒီခရီးကြမ်းကြီးကို ချီတက်နေစဉ်အတောအတွင်း တော်လှန်ရေးတပ်သားတွေကြားမှာ စည်းကမ်းသေဝပ်တွေ၊ အမိန့်နာခံမှုတွေ၊ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်မှုတွေ၊ တော်လှန်ရေးအပေါ် ခိုင်မာယုံကြည်တဲ့စိတ်တွေ၊ အချင်းချင်းကြား ညီညွတ်မှုတွေ၊ လေးစားမှုတွေ၊ စစ်ရေးအသိဉာဏ်ပွင့်လင်းမှုတွေ ဖြစ်ပေါ်လာခဲ့ကြတယ်။ ဒီခရီးစဉ်ဟာ တရုတ်ပြည်တော်လှန်ရေးအတွက် အောင်မြင်မှုစတည်ရာ စစ်ပညာသင်တန်းကျောင်းလို့တောင် ဆိုနိုင်ပါတယ်။ တရုတ်ပြည်တော်လှန်ရေး စတင်စဉ်အခါက လူဆိုးနီတွေ၊ အကြမ်းဖက်ဓားပြနီတွေအဖြစ် သတ်မှတ်ခံရတဲ့ ကွန်မြူနစ်တော်လှန်ရေးအဖွဲ့ကြီးဟာ တော်လှန်ရေးပြီးဆုံးချိန်မှာတော့ တရုတ်ပြည်သူအားလုံး ချစ်ခင်အားကိုးရတဲ့ ကွန်မြူနစ်ပါတီကြီးဖြစ်လာခဲ့ပြီး မော်စီတုန်း၊ ချူအင်လိုင်း၊ တိန့်ရှောင်ဖိန်၊ လင်ပိုင်အိုတို့ဟာ တရုတ်ပြည်ရဲ့ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ၊ ခေါင်းဆောင်တွေ ဖြစ်လာခဲ့ပါတယ်။

တရုတ်ပြည်ကွန်မြူနစ်တော်လှန်ရေးကာလ ၁၉၂၇ မှ ၁၉၄၉ အထိ ၁၂ နှစ်ကျော် ပြည်တွင်းစစ်ကာလအတွင်းမှာ တရုတ်လူမျိုးသေဆုံးမှု အနည်းဆုံး ၁ သန်းကနေ ၅ သန်းအထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ အဲ့ဒီကာလဟာ တရုတ်ပြည်သူတွေအတွက် အလွန်ကိုခက်ခဲကြမ်းတမ်းတဲ့ သမိုင်းကာလအပိုင်းအခြားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ လူသန်းနဲ့ချီသေဆုံးရတဲ့ အချိန်ကာလအတွင်းမှာ တရားမျှတမှုတွေ၊ လူ့အခွင့်အရေးတွေ မှေးမှိန်ခဲ့မှာဖြစ်ပြီး တော်လှန်ရေးရဲ့ အကျိုးဆက်ဖြစ်တဲ့ မှားယွင်းမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကလည်း ရှိခဲ့မှာတော့ သေချာပါတယ်။ အဲ့ဒီခက်ခဲကြမ်းတမ်းတဲ့ ကာလကြီးကို ဖြတ်ကျော်ခဲ့ပြီးတဲ့အခါမှာလည်း တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆-၁၉၇၆) ကို ထပ်ကြုံတွေ့ခဲ့ရပါသေးတယ်။

အဲ့ဒီယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution) အတွင်းမှာပဲ တချိန်မှာ ခေါင်းဆောင်ဖြစ်လာမဲ့ တိန့်ရှောင်ဖိန်လိုလူမျိုးတောင် ပါတီထဲကနေ ဖယ်ရှားခံလိုက်ရပါသေးတယ်။ ပြည်သူတွေအတွက် အထိနာမှုတွေရှိခဲ့သလို ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှာလည်း ဆိုးရွားမှုတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံနဲ့ပြည်သူလူထုကို အထိနာစေသလို ပျက်စီးဆုံးရှုံးမှုတွေကိုလည်း တွေ့နိုင်ပါတယ်။ တရုတ်ပြည်ဟာ တော်လှန်ရေးအမျိုးမျိုးနဲ့ ပြုပြင်ပြောင်းလဲရေး အချိန်ကာလရှည်ကြီးကို နှစ်ပေါင်းများစွာဖြတ်သန်းပြီးတော့မှသာ အခုချိန်မှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လူထုရဲ့ အခက်အခဲအကြပ်အတည်းဟာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရတယ်ဆိုတာထက်ပိုမှာ သေချာပါတယ်။

တွေးမိ မြင်မိတာတစ်ခုက တရုတ်ပြည်လို ကြီးမားကျယ်ပြန့်ပြီး လူဦးရေများပြားတဲ့နိုင်ငံတစ်ခုမှာ တော်လှန်ရေးကာလအတွင်း စနစ်တစ်ခုရဲ့အရေးပါမှုနဲ့ စနစ်အတွင်းက လူတွေရဲ့တာဝန်ယူမှု၊ တာဝန်ခံမှု၊ ခံယူချက်သဘောထားမြင့်မားမှုတွေကနေ အောင်မြင်မှုကို ရယူနိုင်ခဲ့တယ်ဆိုတာကိုပါပဲ။ အဲဒီအချိန်က အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ကွန်မြူနစ်စနစ်ကြောင့်သာ စည်းပြည့်ကမ်းပြည့် အမိန့်နာခံမှုအားကောင်းပြီး တပ်တည်ဆောက်ရာမှာရော လူထုကို စည်းရုံးသိမ်းသွင်းရာမှာပါ ဦးတည်ချက် ရည်ရွယ်ချတ် တိကျပြတ်သားတဲ့ ဗဟိုအုပ်ချုပ်မှုစနစ်နဲ့ တော်လှန်ရေးအောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့တာလို့ သုံးသပ်မိပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် စည်းကမ်းပြည့်ဝပြီး ထက်မြတ်တဲ့ ဗဟိုဦးဆောင်မှုရှိဖို့က အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုဆိုတာကို တွေ့နိုင်ပါတယ်။


ဒီနေရာမှာ မြန်မာ့နွေဦးတော်လှန်ရေးကို သုံးသပ်ကြည့်ချင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ ၄ နှစ်ကျော်ကာလအတွင်းမှာ စစ်ရေးအောင်မြင်မှုများစွာ ရရှိလာခဲ့ပြီဆိုတာဟာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကချင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကိုးကန့်ဒေသအတွင်းက အောင်မြင်မှုတွေ၊ တအာင်းဒေသတွင်းက အောင်မြင်မှုတွေဟာ မျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီအပြင် NUG အစိုးရရဲ့လက်အောက်ခံ PDF တွေရဲ့ အောင်မြင်မှုတွေဟာလည်း ထင်ထင်ရှားရှားရှိနေတာဖြစ်ပါတယ်။ စစ်ရေးအရ၊ လူထုယုံကြည်မှုအရ စနစ်တကျတွက်ကြည့်ရင်တော့ စစ်ကောင်စီက စစ်ရှုံးနေပြီဆိုတာ သေချာပါတယ်။

ဒီလိုထင်ရှားတဲ့ အောင်မြင်မှုတွေဟာ တော်လှန်ရေးတစုံလုံးအနေနဲ့ကြည့်ရင် မြင်နိုင်ပေမယ့် တော်လှန်ရေးအင်အားစုအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စုပေါင်းချိတ်ဆက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မှုတွေမှာတော့ မပြည့်စုံသေးတာ အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာလည်း တွေ့မြင်နေရပါတယ်။ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ဦးဆောင်နိုင်မှုမရှိသေးပါဘူး။ လောလော ဆယ်မှာ လက်အောက်ခံ PDF တွေကိုတောင် စုစုစည်းစည်းချိတ်ဆက်ဆောင်ရွက်နိုင်အောင် မလုပ်နိုင်သေးပါဘူး။ ဒါကြောင့်လည်း Local PDF၊ ဘယ်မြို့ PDF၊ ဘယ်စစ်ကြောင်း PDF ၊ လက်အောက်ခံ PDF၊ လက်အောက်ခံမဟုတ်တဲ့ PDF စသဖြင့် သီးခြားကွဲပြားမှုတွေကို တွေ့မြင်နေရတာဖြစ်ပါတယ်။

ဒီလိုပါပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ကလည်း သူတို့ရဲ့စိုးမိုးနယ်မြေထဲမှာ သူ့အစုအဖွဲ့စနစ်နဲ့သူ၊ သူ့မှုဝါဒနဲ့သူ ကိုယ်ပိုင်ဒေသစိုးမိုးရေးကိုသာ ဦးစားပေးတဲ့ ခွဲခြားမှုတွေရှိနေကြပြီး တစ်ချို့အဖွဲ့တွေမှာဆိုရင် ဒေသတစ်ခုအတွင်း စိုးမိုးမှုအပေါ်မှာပါ ရပ်တည်မှု ကွဲပြားနေကြဆဲဖြစ်ပါတယ်။ သိသိသာသာ ဥပမာဆိုရရင် တောင်ပိုင်းစစ်ဒေသအတွင်းမှာ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွင်းမှာတောင် ဦးတည်ချက်၊ ခံယူချက်နဲ့ တပ်ဖွဲ့မှုစနစ်ဝါဒတွေ ကွဲပြားမှုအများကြီးရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုကွဲပြားမှုတွေဟာ ရပ်တည်ချက်၊ ခံယူချက်တွေ၊ စည်းမျဉ်းစဉ်းကမ်းသစ်တွေနဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား၊ လက််နက်ကိုင်တပ်အချင်းချင်းကြားမှာ ဆတ်ဆတ်ထိမခံဖြစ်စေတတ်ပြီး ဒေသခံပြည်သူတွေအပေါ် ယုံကြည်မှုတည်ဆောက်ရာမှာလည်း အခက်အခဲတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလို ကွဲပြားခြားနားမှု ပြဿနာပေါင်းများစွာက ဗဟိုအုပ်ချုပ်မှုစနစ်တည်ဆောက်ခြင်းအပေါ် အခက်အခဲဖြစ်စေပြီး တော်လှန်ရေးအောင်မြင်မှုအတွက် အဟန့်အတား ပိတ်ဆို့မှုတစ်ခု ဒါမှမဟုတ် မဖြစ်မနေကိုင်တွယ်အဖြေရှာရမယ့် ပုစ္ဆာတခု ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လည်းလို့ သုံးသပ်ရရင်တော့ တော်လှန်ရေးပြည့်ပြည့်ဝဝ အောင်မြင်မှုရစေဖို့အတွက် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်ကောင်းတွေ မရှိမဖြစ်လိုအပ်တာကြောင့်လို့ပဲ ဆိုချင်ပါတယ်။ လက်ရှိမှာ စစ်ရေးအောင်မြင်မှုဘယ်လောက်ပဲရှိရှိ ဗဟိုအုပ်ချုပ်မှုမရှိခြင်းနဲ့ ဟန်ချက် ညီညီ ညှိနှိုင်းဆောင်ရွက်မှု ပြည့်ပြည့်ဝဝမရှိခြင်းတွေဟာ တော်လှန်ရေးအနာဂါတ်ပေါ်မှာ ဝေဝါးမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အခုအောင်မြင်မှုတွေဆိုတာ အသက်စွန့်သွားသူတွေ၊ အိုးအိမ်ပျက်စီးခံပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ ပြည်သူတွေကြောင့်သာ ဖြစ်ပါတယ်။ ဒီပြည်သူတွေ တော်လှန်ရေးအပေါ်မှာ ဆက်ပါဝင်နေဖို့ကလည်း အရေးတကြီးလိုအပ်လှပါတယ်။


တစ်ဖက်ကိုကြည့်ရင်လည်း စစ်ကောင်စီဟာ စိုးမိုးနယ်မြေကျဉ်းမြောင်းလာမှုနဲ့အတူ ပြည်သူသော၊ လက်နက်ကိုင်သော မခွဲခြားတော့ဘဲ စစ်ရေးထိုးနှက်ချက်တွေကို ပြင်းပြင်းထန်ထန် ပြန်လည်ထိုးနှက်နေရင်းနဲ့ တစ်ဆက်တည်းမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်စတဲ့ နိုင်ငံတွေရဲ့အားကိုးနဲ့ ရွေးကောက်ပွဲကို သူတို့အတွက် အသက်ရှုချောင်စေမယ့် ထွက်ပေါက်အဖြစ် အသုံးချနိုင်ဖို့ အသည်းအသန်ကြိုးပမ်းနေတာကိုလည်း တွေ့မြင်နေရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအခြေအနေဟာ ကွင်းထဲက ကန်လက်စ ဘောလုံး ဗိုလ်လုပွဲတစ်ခုလိုပါပဲ၊ ဘယ်ဘက်က ဂိုးပြတ်သွင်းထားတာပဲဖြစ်ဖြစ်၊ ဂိုးမရှိသရေကျနေတာပဲဖြစ်ဖြစ် ပွဲသိမ်းခရာသံမကြားရသ၍တော့ အရှုံးအနိုင် သတ်မှတ်ချက်မရသေးဘူးလို့ ဆိုနိုင်ပါတယ်။

ဒီတော့ကာ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးကြီး မုချအောင်မြင်မှာလို့ ယုံကြည်ထားသူတွေကလည်း NUG အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်လိမ့်မယ်၊ ခိုင်မာတဲ့ စနစ်တစ်ခုကို တည်ဆောက်နိုင်မယ်လို့် ယုံကြည်နေကြပါတယ်။ မြေပြင်မှာ စုစည်းဖို့လှုပ်ရှားရတာတွေကလည်း သိပ်လွယ်ကူနေတာမျိုး မဟုတ်ဘူးဆိုတာကို သိနားလည်ထားကြတဲ့အတွက် ပြည်သူလူထုက အောင်မြင်မှုသော့ချက်ကို ဖမ်းဆုပ်နိုင်မယ့် စနစ်မှုဝါဒတွေနဲ့ ခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လာမယ့် အချိန်ကာလကို အားကိုးတကြီး စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။

ဒီအခြေအနေမှာ အတုယူစရာအောင်မြင်မှုတွေရနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ချိန်ထိုးကြည့်သင့်ပါတယ်။ ဘာ့ကြောင့် AA အောင်မြင်နေလဲ၊ ဘာ့ကြောင့် KIA အောင်မြင်နေလဲ၊ ဘာ့ကြောင့် TNLA အောင်မြင်နေလဲ၊ ဘာ့ကြောင့် MNDAA အောင်မြင်နေလဲဆိုတာပါ။ ဒါဥပမာပေးတာပါ။ ဒီတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ဟောဒီနွေဦးတော်လှန်ရေးမှာ အချိန်တိုအတွင်း ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ နယ်မြေစိုးမိုးမှုတွေ၊ စစ်ရေးအောင်မြင်မှုတွေ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းနဲ့ လူထုထောက်ခံမှု ဒါတွေဟာ လက်နက်ကိုင်တော်လှန်ရေးမှာ မရှိမဖြစ်လိုအပ်ပါတယ်။ လူထုထောက်ခံမှုမရှိတဲ့ ဘယ်တော်လှန်ရေးမဆို ဘယ်အဖွဲ့အစည်းမဆို ကျဆုံးမှာဖြစ်သလို ခေါင်းဆောင်ကောင်းမရှိ၊ စနစ်တကျမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာလည်း ကျဆုံးမှာဖြစ်ပါတယ်။

တော်လှန်ရေးတစ်ခုအောင်မြင်ဖို့အတွက် စနစ်တကျဗဟိုချုပ်ကိုင်မှုတွေ၊ စည်းကမ်းသေဝပ်ပြီး အမိန့်နာခံမှုကောင်းဖို့တွေ၊ အမိန့်စီးဆင်းမှုမြန်ဆန်ဖို့တွေ၊ တာဝန်ယူမှုတာဝန်ခံမှုကောင်းတဲ့ ခေါင်းဆောင်ကောင်းရှိမှုတွေ၊ ပြည်သူလူထုရဲ့လိုအပ်ချက်ကိုသိပြီး တသားတည်းကျအောင် စည်းရုံးသိမ်းသွင်းလှုံ့ဆော်မှုတွေရှိဖို့ အများကြီးလိုအပ်တယ်ဆိုတာကို တရုတ်နိုင်ငံရဲ့ အတိတ်သမိုင်းက အောင်မြင်ခဲ့တဲ့တော်လှန်ရေးကြီးက သက်သေခံနေတာကို တွေ့မြင်နိုင်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးတရပ်မှာ စနစ်တစ်ခုရဲ့ အရေးပါပုံကိုလည်း တွေ့မြင်နိုင်ပါတယ်။ စနစ်တစ်ခုဟာ အရေးကြီးပေမယ့် စနစ်အတွင်းမှာ အကောင်အထည်ဖော်ပေးရမယ့် လူတွေကလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ ခံယူချက်ကောင်းကောင်းကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားကြဖို့ လိုအပ်တယ်ဆိုတာကို ကမ္ဘာပေါ်က တော်လှန်ရေးသမိုင်းတိုင်းမှာ မြင်တွေ့နိုင်ပါတယ်။ အတိတ်သမိုင်းတွေရဲ့ မှတ်ဉာဏ်ပုံရိပ်လွှာတွေကို သင်္ခန်းစာယူပြီး တန်ဖိုးထား အသုံးချနိုင်တဲ့မျိုးဆက်သစ်တွေအတွက် အောင်မြင်မှုအနာဂါတ်တွေကို ဆောင်ကျဉ်းပေးဖို့ အသင့်စောင့်ဆိုင်းနေပါတယ်။ တော်လှန်ရေး လှေကြုံစီးတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။ တော်လှန်ရေးသဘောတရားနဲ့ လက်တွေ့ပေါင်းစပ်လုပ်နိုင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

#RedNewsAgency #RNA #RedNews

By RNA Editor