RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။
မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ နှိပ်စက်ခံရမှုများရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
မကွေးမြို့နှင့် ရေနံချောင်းသွားသည့်လမ်းမဘေးရှိ မကွေးထောင် (ဒေါင်းနေထောင်) နှင့် မျက်နှာချင်းဆိုင် (လမ်းသာခြား)ရှိ စစ်ကောင်စီ၏ အမှတ် (၂၅) ရဲတပ်ရင်းကို ဧပြီလ ၁၃ ရက်နေ့ ညဦးပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဧပြီလ ၁၄ ရက်နေ့ကတည်းက ပြင်ပအဖွဲ့အစည်းနှင့်အဆက်အသွယ်ရှိသည်ဟု ထောင်အာဏာပိုင်များက ယူဆကာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ရိုက်နှက်စစ်ဆေးနေခြင်းဖြစ်သည်။
အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ညှင်းပမ်းနှိပ်စက်ခံရသူများထဲက လောလောဆယ် သိထားရသော နှစ်ဦးမှာ ဗိဿနိုး PDF ခေါင်းဆောင်ဟောင်း ကိုအောင်ခန့်ဦး (ခ) ပါလေးနှင့် NLD ပါတီမှ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ် ) ကိုလှိုင်လှိုင်တို့သည် အသက်အန္တရယ်စိုးရိမ်ရသည်အထိ နှိပ်စက်ခံနေရသည်ဟု သိရသည်။
“ထောင်ပိုင်တွေ စကစတွေက ဘာကိုယုံကြည်တာလဲဆိုတော့ ဒီအဖွဲ့တွေလာပစ်တာ ထောင်ထဲက လူတွေနဲ့ ချိတ်ဆက်ပြီးတော့ လာပစ်တယ်ဆိုတဲ့ အကြောင်းတရားပေါ့နော် ဒါပေမဲ့ ပစ်တဲ့အဖွဲ့နဲ့က တောင်တွင်းဘက်အခြမ်းနဲ့လည်း ချိတ်ဆက်မှုမရှိဘူး ဆက်စပ်မှုမရှိဘူးပေါ့နော်။ သူလုပ်ချင်လို့ လာလုပ်တဲ့ဟာမှ ထောင်တွင်းမှာကြတော့ ဘယ်လိုဖြစ်သလဲဆိုတော့ ထောင်တွင်းကလူတွေကို ငြိုးပြီးတော့ လုပ်တဲ့ပုံစံမျိုးဖြစ်နေတာ။ ငြိုးပြီးလုပ်တဲ့ ပုံစံမျိုးကိုမှ တောင်တွင်းကြီးက နိုင်ငံရေးသမားတွေကို ညှင်းပမ်းနှိပ်စက်ကြတယ်” ဟု ထောင်တွင်းညှင်းပမ်းနှိပ်စက်ခံရမှုများ အကြောင်း သိရှိသူတစ်ဦးက ပြောပြထားသည်။
မကွေးထောင်ကို ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက မကွေးထောင်နှင့် ရဲတပ်ရင်း ၂၅ ကို ဒေါင်းစစ်အောင် LPDF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဒေါင်းစစ်အောင် အဖွဲ့သည် မြစ်အနောက်ဖက် စလင်းမြို့နယ်အတွင်းမှ မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်ကြောင်း၊ မကွေးထောင်အတွင်းမှ အသက်အန္တရာယ်စိုးရိမ်အရသည်အထိ နှိပ်စက်ခံနေရသော ဗိဿနိုး PDF ခေါင်းဆောင်ဟောင်း ကိုအောင်ခန့်ဦး (ခ) ပါလေးသည် ထောင်ဒဏ် (၂၀၃) နှစ်ကျခံထားရပြီး၊ ဦးကိုကိုလှိုင်သည် ထောင်ဒဏ် (၁၇၃) နှစ်ကျခံထားရသည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA