RNA_ဇန်နဝါရီ(၁၆)၊၂၀၂၅ ခုနှစ်။
အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တို့တွင် ငဖဲမြို့နယ် အတွင်းမှ ချင်းကာကွယ်ရေးတပ် – အရှို ရဲဘော်များက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်စောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံများကို ငဖဲမြို့နယ် ရှောက်တောင်ရွာအနီး (က.ပ.စ – ၁၄) နှင့် မီတာ ၂၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ (၃) ဦးသေဆုံးပြီး တပ်ဖွဲ့စည်းပုံပျက်ပြီး ထွက်ပြေးစဉ် နယ်မြေရှင်းလင်းရေးအတွင်း (၈) ဦးဖမ်းဆီးရမိကြောင်း သိရသည်။
အမ်းမြို့နယ် ကြက်ရေစမ်းရွာအနီးမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၅) ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့ ပိတ်ဆို့ထားစဉ် အသာတကြည် လက်နက်မချသည့်အတွက် တိုက်ပွဲဖြစ်ပွါးရာ ဒဏ်ရာ အပြင်းအထန် ရရှိသူ (၂) ဦးအပါအဝင် (၅) ဦးလုံးဖမ်းဆီးရမိသော်လည်း ဆေးကုသပေးနေစဉ် ဒဏ်ရာပြင်းထန်သူ သေဆုံးသူရှိခဲ့ကြောင်း၊ (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦးအရှင်ဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ငယ် (၁၅) လက်၊ စိန်ပြောင်း (၁) လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ချင်းကာကွယ်ရေးတပ်-အရှိုကထုတ်ပြန်ထားသည်။
#RedNewsAgency #RNA #REDNEWS