ဆောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများရှိ

RNA_ဇန်နဝါရီ(၈)၊၂၀၂၅ ခုနှစ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦး အလင်းဝင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်းမှ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် ဇန်နဝါရီလ (၆) ရက်တွင် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ အလင်းဝင်ရောက်ခဲ့ပြီး၊ ဇန်နဝါရီလ (၂) ရက်ကလည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။


ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး (ဖျင်ချောက်အရှေ့ဘက်)၌ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) အဖွဲ့မှ နယ်မြေရှင်းလင်းရေးထွက်စဉ် စစ်ကောင်စီ အဖွဲ့ဝင် (၄) ဦးအား ဇန်နဝါရီလ (၄) ရက်နေ့တွင် ဖမ်းဆီးရမိပြီး MA-1 (၂) လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၁) လုံး၊ MA ကျည်အိမ် (၇) ခု၊ ကျည်ကာဦးထုပ် (၂) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ကျောပိုးအိမ် (၃) လုံး၊ စစ်ယူနီဖောင်း (၂) ထည်၊ ဖုန်း (၅) လုံး၊ ရေဘူး (၁) ဘူး၊ ဓား (၁) လက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ဂန့်ဂေါခရိုင် တပ်ရင်း-၆ အဖွဲ့မှ ဇန်နဝါရီလ ၄ ရက်နေ့က နယ်မြေရှင်းလင်းရေးလုပ်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင် (၂) ဦးထံမှ MA-1 (၁) လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရမိသည်ဟု စသဖြင့် အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။


#RedNewsAgency #REDNEWS #RNA

By RNA Editor