အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။

အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစသ်အားလုံးကို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆို အကြံပြုထားသည်။

အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု” ရည်ရွယ်ချက်အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်းတွင် အကြံပြုချက်နှင့် တောင်းဆိုချက်များတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန်စသည့် အချက်များ ပါရှိသည်။

 

စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာ ဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေး အပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စား လှယ်များနှင့် တရားဝင်ထိတွေ့ဆောင်ရွက်ရန်စသည့် အချက်များ ပါရှိသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor