RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA၏ အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို တအာင်းပြည်တစ်နေရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
“ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း” PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားထားသည်။
TAOT အပတ်စဉ် (၄)သည် သင်တန်းကာလ (၁၈) လ ကြာမြင့်ခဲ့ပြီး သင်တန်းသား(၁၃၂)ဦး တက်ရောက်ခဲ့ပြီး၊ ထိုသင်တန်းများသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ကာ (၁၂) ဦး တိုက်ပွဲအတွင်း အသက်ပေးလှူဒါန်းသွားခဲ့ကြောင်း၊ ထို့ကြောင့် သင်တန်း ဆင်းပွဲတွင် သင်တန်းသား (၁၁၄) ဦး သင်တန်းဆင်းနိုင်ခဲ့ကာ အပတ်စဉ် (၅) တက်ရောက်မည့် အလုပ်သင် ဗိုလ်သင်တန်းသား (၁၃၅) ဦးဖြင့် သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ပြီး စစ်မြေပြင်မှာ အသက်ပေးလှူဒါန်းသွားတဲ့ ဗိုလ်လောင်းသင်တန်းက ကျောင်းသားများအား ဂုဏ်ယူလေးစားအပ်ကြောင်း၊ လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့် မိမိကျရာတာဝန်များကို အကောင်းဆုံးဖြင့် ဆောင်ရွက်သွားရန် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းခဲ့သည်။
#RedNewsAgency #RNA #REDNEWS