အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်နေသော အာရက္ခတပ်တော်-AA အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စသည်တိို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့အပါအဝင် (၁၀) နေရာကို ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်အနေဖြင့် အာရက္ခဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်ကာလအတွင်း ပလက်ဝဒေသတစ်ခုလုံး၊ ပေါက်တော့မြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို မိမိတို့သည် ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

By RNA Editor