ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။

“စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွား​ပြီ ရွာမှာမရှိတော့ဘူး အမျိုးသား ၃ ဦးကိုလည်း ဖမ်းသွားသေးတယ်” ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တဦးက ပြောကြားထားသည်။

ဂန့်ဂေါ၊ ထီးလင်း၊ ဆော-ကျောက်ထု မြို့အနီးဝန်ကျင် (၅) မိုင်အတွင်း စစ်ကောင်စီတပ်စိုးမိုးရန်အတွက် အမိန့်ထုတ်ထားသည့်အတွက် စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးမှုများကို ဆက်လက်လုပ်ဆောင်လာနိုင်ကြောင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်မှပျူများ ယခုရက်ပိုင်း သေနတ်ယူကာ တော်လှန်ရေးအင်အားစုများထံ အလင်းဝင်မှုများလာသည့်အတွက် စစ်ကြောင်းထိုးမှုများ ဆက်လက်လုပ်ဆောင်လာ နိုင်ကြောင်း ဆက်လက်ပြောကြားထားသည်။

#RedNewsAgency #RNA

By RNA Editor