အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင််််််းဖြစ်​ကြောင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း “မချစ်လို့ ပစ်သတ်မှု” ဟု နာမည်ကြော်ကြားခဲ့သည့် အမှုဖြစ်ပြီး၊ ပစ်သတ်ခံရသူ မယုမွန်ထိုက်နှင့် ပစ်သတ်သူတို့သည် သမီးရည်းစားများမဟုတ်ကြောင်း မိသားစုဝင်များက ပြောကြားထားသည်။

အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ကျခံစေရန်နှင့် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော် တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသလို တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

#RedNewsAgency #RNA

By RNA Editor