အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

“တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင်ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်”

ရန်ုနိုင်

အာဏာသိမ်း စစ်ခေါင်းဆောင်တွေက နိုင်ငံဘဏ္ဍာကို စစ်ရေးမှာအသုံးချ မလောက်ငှတော့တဲ့အဆုံး တိုက်ပွဲတွေ ဆက်တိုက်ဖို့အတွက် တရုတ်ဆီက ချေးငွေရယူခဲ့ရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ…?

အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အဓိကမဟာမိတ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှာနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ခဲ့တဲ့အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ခွင့်ရထားခဲ့တယ်။ အခုတော့ ရုရှားကို သွားခွင့်မရတော့တဲ့အဆုံး နိုဝင်ဘာလအတွင်း စစ်ကောင်စီအတွက် မဟာမိတ်အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုသွားမယ် ဆိုတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာပြည်သူတွေအပေါ်  စစ်တပ်အကြမ်းဖက်နေချိန်မှာ နှုတ်ဆိတ်နေလေ့ရှိတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြောင့် စစ်ကောင်စီ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာချိန်မှာတော့ ညီနောင်တပ်ဖွဲ့ တွေ ထိုးစစ်ရပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးလာခဲ့တယ်။ မြန်မာပြည်တွင်းမှာ အကျိုးစီးပွားအမြောက်အများ ရှိနေပေမယ့် မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို အလေးထားလေ့မရှိတဲ့ တရုတ်အစိုးရက စစ်ခေါင်းဆောင်တွေအပေါ် မည်သို့သော ကတိကဝတ်တွေ ရှိနေနိုင်လဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝမ်ယိ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ဩဂုတ် ၁၅ နောက်ပိုင်းမှာ အဆမတန် ထိုးကျသွားတဲ့ မြန်မာငွေလဲနှုန်း သိသိသာသာ ပြန်တက်လာခဲ့တယ်။ ယွမ်ငွေ သန်း ၃၀၀၀ ထုတ်ချေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ဒေါ်လာဈေး  ၇၀၀၀ ကျော်မှ ၅၀၀၀ ကျော်အထိ ပြန်ကျသွားခဲ့တယ်။ တရုတ်ကတော့ မြန်မာ စစ်အာဏာရှင်တွေကို ကယ်တင်လိုက်တဲ့ အကွက်ဖြစ်နိုင်ပေမဲ့ မြန်မာနိုင်ငံက ဘယ်စီမံကိန်းတွေနဲ့ ဘာတွေပေးလိုက်ရလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi နှင့် မင်းအောင်လှိုင်တို့ နေပြည်တော်၌ ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ်။

ဝမ်ယိ ရောက်လာတဲ့အချိန်မှာ စစ်ကောင်စီကို အတိုးမဲ့ချေးငွေ ပေးတယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်ပေးမပေး ဘယ်သူမှအတည်မပြုနိုင်ကြောင်းနဲ့ တရုတ်သတင်းတွေမှာလည်း မတွေ့ကြောင်း ပေးရင်လည်း ယွမ် သန်း ၃၀၀၀ (ဒေါ်လာသန်း ၄၀၀ ဝန်းကျင်) ပဲ ဖြစ်နိုင်ပြီး ဒေါ်လာသန်း ၃၀၀၀ မဖြစ်နိုင်ဘူးလို့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း အဲဒီကာလမှာ မှတ်ချက်ပြုခဲ့တယ်။ ဒီသတင်းကို မှန်ကန်မှုမရှိဘူးလို့ ငြင်းထားတဲ့ နေပြည်တော် စစ်ဘက်သတင်းကတော့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးတာ ဖြစ်ကြောင်းနဲ့ စီးပွားရေးကိစ္စ၊ ငွေကြေးဆိုင်ရာ ချေးငှားဖို့ကိစ္စတွေ လုံးဝ ဆွေးနွေးခြင်း မရှိဘူးလို့ ရှင်းပြထားခဲ့တယ်။

စစ်ကောင်စီဘက်က တရုတ်ထံမှချေးငွေရယူထားကြောင်း ခိုင်မာတဲ့သတင်းများ မရှိခဲ့ပေမယ့် ဒီသတင်း ထွက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဈေးကွက်အတွင်း ဒေါ်လာလဲလှယ်နှုန်းကတော့ သိသိသာသာ ထိုးကျလာခဲ့တယ်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေတွေ ထုတ်ရောင်းတာတွေကို ဆက်တိုက်ပြုလုပ်လာခဲ့တာကိုလည်း အားလုံးအသိဖြစ်မှာပါ။ တရုတ်နိုင်ငံက ဆင်းရဲတဲ့နိုင်ငံတွေကို ချေးငွေပေးရာမှာ ပြန်ဆပ်ဖို့ခက်ခဲတဲ့ အနေအထားမျိုး ဖြစ်လာအောင်လုပ်ပြီး တရုတ်ရဲ့အခြားနည်းနဲ့ ဖိအားပေးတာတွေကို ငွေချေးတဲ့နိုင်ငံတွေက ခံနေရတယ်လို့ ဝေဖန်မှုတွေ ရှိနေတယ်။

သီရိလင်္ကာနိုင်ငံက တရုတ်ထံမှရထားတဲ့ ကိုလံဘို ဆိပ်ကမ်းမြို့သစ်စီမံကိန်း (ဆင်ဖြူတော် အလှပြမြို့သစ်စီမံကိန်း) ကြောင့် နိုင်ငံဒေဝါလီခံခဲ့ရတယ်။ စီမံကိန်းက ဒူဘိုင်းနိုင်ငံတကာ ဘဏ္ဍာရေးဌာန ပုံစံ အပူပိုင်းဒေသ နိဗ္ဗာန်ဘုံအဖြစ် တည်ဆောက်ဖို့ဆိုတဲ့ တရုတ်ရဲ့အကြံပေးမှုဖြစ်တယ်။ ယင်းစီမံကိန်းက ၂၀၄၁ မှာ သီရိလင်္ကာနိုင်ငံရဲ့ လက်ရှိစီးပွားရေး ထုတ်လုပ်မှုထက် ၆ ပုံ ၁ ပုံထိ ထုတ်လုပ်ပေးနိုင်ဖို့ဆိုတဲ့ မှန်းဆချက်ရှိပေမယ့် တန်ဖိုးကြီးမားလွန်းတဲ့ စိတ်ကူးယဉ်မှုသာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့တယ်။

၂၀၁၄ မှ ၂၀၄၁ အထိ စီမံကိန်းကာလ သတ်မှတ်ထားပေမယ့် ၂၀၁၉ မှာ နိုင်ငံရဲ့ ပြည်ပနိုင်ငံကိုဆပ်ရမယ့် အကြွေးက ဒေါ်လာ ၅ ဘီလီယံရှိခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ နိုင်ငံရဲ့ နိုင်ငံခြားသုံးငွေ ဒေါ်လာက ၂ ဘီလီယံပဲ ရှိတော့တာကြောင့် သီရိလင်္ကာအစိုးရက ဒေဝါလီခံဖို့ ဆုံးဖြတ်ခဲ့ရတယ်။ အစိုးရက နိုင်ငံဒေဝါလီခံဖို့ ဆုံးဖြတ်လိုက်ပြီး ပြည်ပကြွေးမြီ ပေးဆပ်မှုရပ်ဆိုင်းမယ့် ဆုံးဖြတ်ချက်ကို ၂၀၁၉ ဧပြီ ၁၂ မှာ ကြေညာခဲ့တယ်။ မြို့သစ်စီမံကိန်းရဲ့ အကျိုးအမြတ် ၇၀ ရာနှုန်းကျော်ကိုလည်း တရုတ် ကုမ္ပဏီ (China Merchants Port Holdings) ထံ ၉၉ နှစ်တိတိ အသုံးပြုခွင့်ပေးခဲ့ရတယ်။ သီရိလင်္ကာနိုင်ငံကို တရုတ်က ဘာကြောင့် အခုလို လုပ်ခဲ့ရတာလဲ။ 

တောင်တရုတ်ပင်လယ်ပြင်အပေါ်  နယ်မြေစိုးမိုးနေတဲ့ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာအထိ လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာအပေါ်  ခြိမ်းခြောက်လာတဲ့ အခြေနေကို အန္ဒိယနိုင်ငံက စစ်ရေးပြင်ဆင်မှုဖြင့် ကာကွယ်ဖို့ကြိုးစားနေချိန်မှာ သီရိလင်္ကာကျွန်းပေါ်  တရုတ်က နေရာယူလာတာကြောင့် သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံလည်း ဆက်ဆံရေးတင်းမာခဲ့ရတယ်

တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင် ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်။ ကမ္ဘာပေါ်မှာ နိုင်ငံတခုက အခြားနိုင်ငံတခုကို ငွေကြေးအများဆုံး ချေးတဲ့နိုင်ငံတွေထဲမှာ တရုတ်ကပါဝင်နေပါတယ်။ ၂၀၂၀ ခုနှစ်အထိမှာဆိုရင် တရုတ်က ချေးငွေပမာဏက အမေရိကန်ဒေါ်လာ ဘီလျံ ၁၇၀ ရှိခဲ့တယ်လို့ AidData သုတေသနအဖွဲ့က ဖော်ပြထားတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး H.E. Mr. Wang Xiaohong နှင့် မင်းအောင်လှိုင်တို့ နေပြည်တော်၌ အောက်တိုဘာ ၃၁ ရက်နေ့ နံနက်က တွေ့ဆုံစဉ်။

AidData အဖွဲ့ဆိုတာ အမေရိကန်နိုင်ငံ ဝီလျံအန် မယ်ရီ တက္ကသိုလ်အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနအဖွဲ့ တခုဖြစ်ပါတယ်။ နိုင်ငံကြီးအများစုကတော့ သူတို့ရဲ့ အခြားနိုင်ငံအပေါ် ငွေချေးမှုအချက်အလက်များကို The Paris Club ဆိုတဲ့ အဖွဲ့ဝင်အချင်းချင်း ဝေငှကြလေ့ရှိကြပေမယ့် တရုတ်နိုင်ငံကတော့ နိုင်ငံတကာကို ငွေချေးရာမှာ စာချုပ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ဖော်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်လေ့ရှိကြောင်း AidData အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဘရက်ဒ် ပါ့ခ်စ်က ပြောပြထားတယ်။ 

တရုတ်ချေးငွေတချို့က အစိုးရအချင်းချင်း တိုက်ရိုက် ချေးငှားတဲ့အချက်အလက် စာရင်းဇယားထဲ မဝင်ပဲ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်းတွေကတဆင့် သွားလေ့ရှိပါတယ်။ တရုတ်က ဆယ်စုနှစ်အတွင်း ပြည်ပနိုင်ငံတွေကို ချေးငွေထုတ်ချေးတာ သိသိသာသာမြင့်တက်ခဲ့သလို နိုင်ငံတကာ ပိတ်ဆို့မှုတွေကြုံခဲ့ရဖူးတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ အကြွေးနဲ့မကင်းခဲ့ပေ။ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ဘီလီယံပေါင်း ၃၀ ကို နအဖ အစိုးရလက်ထက် ၂၀၁၀ က စစ်အာဏာရှင် သန်းရွှေကို အတိုးမဲ့ထုတ်ချေးခဲ့တယ်။

တရုတ်ဆီက ငွေချေးပြီးတဲ့နောက် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစတဲ့ တရုတ်ရဲ့ စီမံကိန်းသစ်တွေ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာခဲ့တာ ထင်ထင်ရှားရှားဖြစ်တယ်။တရုတ်ရဲ့ အကြွေးနဲ့မကင်းတဲ့ မအောင်မြင်သေးတဲ့ စိတ်ကူးယာဉ်ဆန်တဲ့ စီမံကိန်းတွေနဲ့ သီရိလင်္ကာနိုင်ငံ အကြွေးနွံနစ်ခဲ့တာကြောင့် NLD အစိုးရလက်ထက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်း ဖော်ဆောင်ခဲ့တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအပေါ်မှာလည်း ပြည်တွင်း မီဒီယာအချို့က ဝေဖန်ထောက်ပြမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ထားပြီး လာမယ့် နိုဝင်ဘာလမှာ တရုတ်နိုင်ငံကိုသွားဖို့ ခရီးစဉ်ရှိတယ်လို့ AFP သတင်းက ဖော်ပြထားပါပြီ။ တရုတ်က စစ်ခေါင်းဆောင်ကို နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်အောင် တွန်းတင်ဖို့ဖြစ်နိုင်တယ်လို့ ဒေါက်တာ လှကျော်ဇောကတော့ သုံးသပ်ထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး H.E. Mr. Wang Xiaohong နှင့် မင်းအောင်လှိုင်တို့ နေပြည်တော်၌ အောက်တိုဘာ ၃၁ ရက်နေ့ နံနက်က တွေ့ဆုံစဉ်။

 

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်က ရွေးကောက်ပွဲအတွက်သာမကပဲ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပေါ် များစွာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ကြောင်းနဲ့ စစ်ခေါင်းဆောင်ကို ဖိတ်တာက အပေးအယူ သဘောတွေ ရှိနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ မင်းအောင်လှိုင်ကိုဖိတ်တာက သဘောတူညီချက် တခုခုကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပြီး ဥပမာအားဖြင့် စီမံကိန်းတွေ တခုခုကိုပြန်စတာမျိုး၊ ပြန်ဆွေးနွေးတာမျိုးမဟုတ်ပဲ အောက်ကလူတွေ ဆွေးနွေးပြီးသားကို သဘောတူလက်မှတ်ရေးထိုးတာမျိုး ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်နေကြပါတယ်။

အာဏာရှင်စစ်ခေါင်းဆောင်တွေက အာဏာတည်မြဲဖို့ အတွက် ဘာမဆိုလုပ်နေတာလဲ လက်တွေ့ ကြုံနေရပြီဖြစ်တယ်။ တရုတ်ကလည်း ချေးငွေအရှုပ်အရှင်း ဝေဖန်မှုတွေနဲ့ ပြည်ပနိုင်ငံတွေ အပေါ် ချေးငွေ ထုတ်ချေးတတ်တာကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တရုတ်ရဲ့ တွေ့ဆုံမှုက ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားအတွက် ကောင်းသောတွေ့ဆုံမှု ဖြစ်မလာနိုင်ဘူးဆိုတာကို သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

Red News Agency

By RNA Editor