ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့

RNA_စက်တင်ဘာ(၃)၊၂၀၂၄ခုနှစ်။
 
ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးပါအဝင် ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ် စသည်တို့တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
 
ဩဂုတ်လ(၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့ နှင့် မယ်စလောင်းတောင်အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား ဩဂုတ်လ (၈)ရက်နေ့တွင် KA ၊ KNDF ၊ KNPLF တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းနိုင်ခဲ့သည်ဟု KNDF ကယနေ့ ထုတ်ပြန်ထားသည်။

ရေကျော်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရုပ်အလောင်း (၆) လောင်းနှင့်အတူ လက်နက်ငယ် (၇)လက်၊ 9MM ပစ္စတို (၁)လက်၊ ငါကြင်းမြီး (၁)လက်၊ (၈၁)မမ ပြောင်း (၁) ပြောင်းနှင့် ခဲယမ်းအသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖားဆောင်းမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏တပ်ရင်း (၂) ရင်းနှင့် ကာကင်းစခန်းများအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ စဉ်ဆက်မပျက်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
 
#RedNewsAgency #RNA
By Editor