မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တိုက်ပွဲများတွင် စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်များရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း – Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲကပြောသည်။
 
မြင်းခြံခရိုင် PDF ရဲဘော်များ ပူးပေါင်းကာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)” အဖြစ် မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြကြောင်း သိရသည်။

“စစ်ရေးအခြေအနေက တော်တော်ကိုကောင်းတယ် ဒါပေမဲ့ လက်နက်ခဲယမ်းက တော်တော်ကို အခြေအနေဆိုးနေတာ လက်နက်ကထားပါတော့ မရှိလဲ ရှိတာနဲ့ တိုက်လို့ရတယ် ခဲယမ်းပိုင်းဆိုင်ရာ တော်တော်ကို ပြတ်တောက်နေတာ အဲဒါကြောင့် အခုရက်ပိုင်း ဘာမှမလုပ်နိုင်ဖြစ်နေတာ” ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
 
မြင်းခြံခရိုင် PDF များ ဩဂုတ်လအတွင်း ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြင်းခြံမြို့တွင် နာမည်ကြီးနေသော သီတာယုမွန်ဦးဆောင်သော ပျူအဖွဲ့များထွက်ပြေးကြရပြီး စစ်ကောင်စီလက်အောက်ခံများ လက်နက်ခဲယမ်းများလည်း ဆုံးရှုံးခဲ့ရကြောင်း၊ နွားထိုးကြီးမှရှိစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများလည်း ထွက်ပြေးခဲ့ကြရခြင်း စသည့် ဆုံးရှုံးမှုများ စစ်ကောင်စီအနေဖြင့် ဆုံးရှုံးခဲ့ရသည်ဟု တိုက်ပွဲဝင်ရဲဘော်များထံမှ သိရသည်။
 
#RedNewsAgency #RNA
By Editor