စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

“ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်”
ကေဂျီ – Wiper
တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။
 
စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ တပ်မကြီးတွေ ပိုင်ဆိုင်ထားသလို၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၃၈ စစ်အင်အားရှိတဲ့ နိုင်ငံပိုင်တပ်မတော်ကြီးတစ်ခုလုံးကို ငယ်မွေးခြံပေါက် ခွေးလေးတစ်ကောင်လို ခိုင်းခြင်ရာခိုင်းစေနိုင်တဲ့ အခွင့်အာဏာကို ဆုပ်ကိုင်ထားတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကိုတောင် ဂရုစိုက်နေစရာမလိုတာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ လက်နက်ကိုင် တပ်တွေလောက်ကတော့ အရေးအရာလုပ်၊ စာရင်းသွင်းစရာတောင် မလိုပါဘူးလို့လည်း လျှော့တွက်ပြီး တွေးလောက်စရာအချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်ရဲ့ အဓိက တွက်ကိန်းမှားသွားခဲ့တဲ့ အချက်ကတော့ နိုင်ငံကို စိတ်တိုင်းကျ လုပ်ခြင်ရာလုပ်နိုင်ဖို့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကိုလည်း ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

နိုင်ငံရဲ့ ဒေသအများစုမှာ နိုင်ငံသား ပြည်သူလူထုဟာ ပြည်တွင်း စစ်ဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ များစွာရှိနေပြီး ပဋိပက္ခတွေကြောင့် သေဆုံးမှုတွေ၊ အိုးအိမ် ဥစ္စာပစ္စည်း ဆုံးရှုံးမှုတွေလည်း အများအပြား ကြုံတွေ့နေရကြပါတယ်။ စစ်ဘေးအန္တရာယ်ကို တိုက်ရိုက်မခံစားရသေးတဲ့ ဒေသတွင်းက ပြည်သူလူထုဟာလည်း စစ်အာဏာရှင် မီးထွန်းပြီး ရှာခဲ့တဲ့ နိုင်ငံရဲ့ စီးပွားရေး ပျက်ကပ်ကြောင့် အခြေခံကုန်ဈေးနှုန်း သုံးလေးဆ တက်လာတွေ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် စားဝတ်နေရေး အကြပ်အတည်းတွေကို နေ့စဉ်ခါးချိအောင် ရုန်းကန်ကျော်ဖြတ် နေကြရပါတယ်။ ဒီလိုအခြေအနေတွေအပြင် တိကျသေချာမှုမရှိတဲ့ သတင်းတွေအပေါ် အခြေခံတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှု တွေများပြားခဲ့ပြီး မြို့ဖျက်ရုံသက်သက် စစ်ရေးကိုပဲ ဖော်ဆောင်နိုင်တော့တာကြောင့် စစ်ကောင်စီအပေါ် ပြည်သူလူထုကလည်း ကြာလေ နာသထက်နာလေ ဖြစ်နေပါတယ်။
 
တကယ်တော့ ပြည်သူသာထောက်ခံပါဝင်နေရင် တခြားနိုင်ငံနဲ့ စစ်ရေးပဋိပက္ခဖြစ်လာခဲ့ရင်တောင် ကြောက်စရာမလိုဘူးဆိုတာဟာ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူက မထောက်ခံ၊ အားမပေးရင် အုပ်ချုပ်သူ အစိုးရဆိုတာလည်း ဆက်ကြေးကောက် မိုက်ကြေးခွဲ အုပ်ချုပ်တဲ့ သူပုန်အကြီးစားပဲ ဖြစ်သွားပါတယ်။ ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ ပြည်တွင်းမှာ လက်နက်အင်အားအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ တပ်မတော်ကြီးဟာ တကယ့်စစ်မြေပြင်မှာတော့ မြေခွေးတွေ အလယ်ရောက်နေတဲ့ ယုန်သူငယ်ပမာ မျက်စိပိတ်၊ နားပိတ်ပြီး သတင်းအချက်အလက် အမှောင်ကျမှုကြောင့် ကျရှုံးနေရတာဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ ရှမ်းမြောက်တိုက်ပွဲတွေမှာ လူအင်အား၊ လက်နက်အင်အားတွေ ဆုံးရှုံးနေသလို ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ ဆုံးရှုံးမှုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုကို အရေးမစိုက်ခဲ့ဘဲ လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်နောက်က အကျိုးဆက်ဟာ နိုင်ငံအတွက် ဆုံးရှုံးမှု ကြီးကြီးမားမားကို ဖြစ်ပေါ်စေသလို စစ်တပ်အတွက်လည်း ကျရှုံးဖို့ရာ အကြောင်းဖြစ်လာခဲ့ပြီ ဆိုတာကို အာဏာသိမ်းပြီး သုံးနှစ်ခွဲကျော် ကြာလာခဲ့ချိန်မှာ လက်တွေ့ မြင်လာခဲ့ရပါပြီ။
 
သိပ်မဝေးသေးတဲ့ ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့ နံပါတ် ၁ အမေရိကန်တပ်မတော် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ဆိုမာလီယာနိုင်ငံနဲ့ အီရတ်နိုင်ငံတွေမှာ ပြည်သူတွေရဲ့ ထောက်ခံမှုကို မရရှိခဲ့တာကြောင့် နိုင်ငံတွင်းရဲ့ တိုက်ပွဲတွေမှာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကြရပြီး စစ်ရေးနဲ့ နိုင်ငံရေးအောင်မြင်မှု မရခဲ့ကြပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံမှာလည်း အမေရိကန်နဲ့ NATO မဟာမိတ်တပ်တွေဟာ ပြည်တွင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေး ကျဆုံးခဲ့ရဖူးတယ်။ ဒါတွေဟာ ကမ္ဘာ့ ထိပ်ထိပ်ကြဲ တပ်မတော်ကြီးတွေရဲ့ စုဖွဲ့မှုအင်အားတွေနဲ့တောင် ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူးလို့ တင်စား နှိုင်းယှဉ်လို့ရနိုင်တဲ့ နိုင်ငံတစ်ခုရဲ့ ပြည်သူ့ ထောက်ခံအားပေးမှု အရေးပါပုံတွေပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် “စစ်ရေးဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လောက်ထက်လည်း၊ ပြည်သူ့ခွန်အား မကိုးစားလျှင်၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ဓါးသွားလည်းကြွေ လှံလည်းခွေအံ” လို့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ နန္ဒိသေနပျို့မှာ ရေးသားခဲ့တာဟာ မှန်ကန်တဲ့အကြောင်း လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အနေအထားမှာ စစ်ကောင်စီရဲ့ ကျရှုံးတွေက သက်သေခံနေပါတယ်။
 
လက်ရှိအချိန်မှာ ဝမ်းသာကြည်နူးခြင်းတွေနဲ့ လက်ခုပ်ဩဘာသံတွေဟာ မိုးကုတ်မြို့ ကနေတဆင့် တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုတွေဆီကို ပျော်ရွှင်ခြင်းတွေအဖြစ် စီးဝင်စေခဲ့ပြီ ဖြစ်ပါတယ်။ အောင်ပွဲတွေနဲ့ အိမ်အပြန်လမ်း ဒါမှမဟုတ် မိသားစုဝင်တွေ ကြိုဆိုနေကြတဲ့ မြို့အဝင်လမ်းဟာ နွေဦး တော်လှန်ရေးမှာ ပါဝင်ထမ်းဆောင်ကူညီနေကြတဲ့ PDF လူငယ်တွေရဲ့ မျှော်မှန်းချက် တစ်ခုလည်း ဖြစ်တာကြောင့် အားရဖွယ်ရာ ရှေ့ပြေးပုံရိပ်တွေ အဖြစ်လည်း နိုင်ငံတဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အားတက်စေခဲ့ပါတယ်။
 
ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်အားတက်ကြွမှုနဲ့ မထင်မှတ်လောက်အောင် စွမ်းဆောင်ပြနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အစွမ်းတွေ အားလုံးကိုပေါင်းစပ်တွေ့မြင်နေရတဲ့ ဒီနေ့ဒီအချိန်မှာတော့ နွေဦးတော်လှန်ရေးဟာ မထင်မှတ်ထားတဲ့ အချိန်တိုလေးအတွင်းမှာ အောင်ပွဲရသွားနိုင်တယ်ဆိုရင်လည်း ငြင်းလို့မရတဲ့အထိ အနေအထားကို အဆင့်တက် ရောက်ရှိလာခဲ့ပါပြီလို့ဆိုနိုင်ပါတယ်။ ။
 
ကေဂျီ – Wiper
#RedNewsAgency
By Editor