သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ၄၀၀ ကျော်သေဆုံးပြီး၊ မောင်တော နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်းခံရမှုတွင် (၃၅၀) ကျော် သေဆုံး

RNA_ဇူလိုင်(၇)၊၂၀၂၄ ခုနှစ်။

အာရက္ခတပ်တော် -AA ၏ သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး၊ မောက်တော်မြို့နယ် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၅၀) ကျော်သေဆုံးကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ပြီး၊ အခြားသော တပ်စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည့်အတွက် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်စသည်တို့ကို ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားသည်ဟု သိရသည်။

သံတွဲနှင့် ငပလီတွင် ခုခံတိုက်ခိုက်နေသော စစ်ကောင်စီ၏ တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်းများ အားလုံးနီးပါးကို အပြတ်အသတ်ချေမှုန်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံတွဲမြို့သိမ်းနိုင်ရေးအတွက် လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ (၅၅) တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား ဖြတ်တောက်ပိတ်ဆို့ ထားကြောင်း၊ ဇွန်လ (၂၃) ရက်နေ့၊ နံနက် (၉) နာရီ (၅၆) မိနစ်တွင် အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော “တောဟိန်းတောင်ဗျူဟာ” အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။

#RedNewsAgency

By RNA Editor