RNA_ဇူလိုင်(၇)၊၂၀၂၄ ခုနှစ်။
အာရက္ခတပ်တော် -AA ၏ သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး၊ မောက်တော်မြို့နယ် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၅၀) ကျော်သေဆုံးကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။
သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ပြီး၊ အခြားသော တပ်စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည့်အတွက် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်စသည်တို့ကို ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားသည်ဟု သိရသည်။
