“ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ”
ခေတ်ငြိမ်းအေး
အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး ခိုင်မာကြတာ အားလုံးအသိဖြစ်မှာပါ။ ဒီလိုလူတွေက မတရားတာကို မတရားမှန်းသိလေတော့ တော်လှန်လိုစိတ်အပြည့်နဲ့ ကျွန်မတို့ အညာသူ၊ အညာသာတွေလည်း ဆန္ဒဆိုတော့ ပြကြ၊ သပိတ်ဆိုတော့လည်း သပိတ်ကြ၊ လက်နက်ကိုင်တော်လှန်ရေးဆိုလည်း ကျွန်မတို့အညာ နောက်မကျခဲ့ပါဘူးရှင်။
အညာက အဲ့သလိုပဲ ပြေးဆိုရင်လည်း ညီကြပြန်ပါရော။ ကျွန်မတို့ရွာရဲ့ အနောက်ဖက် နှစ်ရွာခြားမှာ စစ်သားတွေရောက်နေတော့ ကျွန်မတို့ရွာတွေက လူတွေက ထမင်းထုပ်ကိုယ်စီနဲ့ မိုးရေထဲ ရှောင်ကြတာပေါ့။ ကျွန်မကတော့ မရှောင်ပါဘူး။ ကြောက်စရာလို့လည်း မထင်ခဲ့ပါဘူး။ ဟန်ပါပါနဲ့ အရီးအိမ်မှာ ကလေးတွေ၊ အရီးတွေနဲ့ စကားလက်ဆုံကျနေတာပေါ့။ နေလေးနည်းနည်းစောင်းလာတော့ အဲ့ရွာဆီကနေ သေနတ်သံတွေလည်းကြားရော ကျွန်မ အိမ်ကနေ လည်ပင်းလောက်ထိရှိတဲ့ ရိုးကိုဖြတ်ပြီး စပါးခင်းတွေထဲ အပြေးသွားတာ ဆယ်မိနစ်တောင်ကြားရဲ့လား မသိဘူး။
သေနတ်သံတွေကြောင့် အသွားသာ သေမှာကြောက်တဲ့စိတ်နဲ့မို့ ပြေးတာ အပြန်ကျ ရေခါးလာက်ရှိတဲ့ စပါးခင်းကို စမ်းတဝါးဝါးနဲ့ ဖြတ်ရင်း အရီးက “ငါ့တူမတော့ သူ့အဖေက ဖူးဖူးမှုတ်ထားလို့ အိမ်ကစပါးခင်း ဘယ်နားရှိမှန်းမသိရှာတာ၊ ခွေးသား မင်းအောင်လှိုင်နဲ့မှ ရေပေါင်းနှုတ်တဲ့သူတွေကို နားလည်တော့မယ်” တဲ့။ အရီပြောတာလဲ ဟုတ်တယ်။ ကျွန်မကို အဖေက ဘာအလုပ်မှ မခိုင်းတာမို့ ကျွန်မက တောင်သူရဲ့သားသမီးဖြစ်ရတာ ဂုဏ်ယူရမယ့်စိတ်တောင်ပျောက်နေခဲ့တာကြာပြီ။ အဲ့ဒီစကားသံကြားမှ အညာသူက ဒီကာလတော့ အညာသူပီပီနေသင့်တာပဲလို့ စဥ်းစားမိတယ်။
ဒီလိုပါပဲ စစ်သားတွေက စခန်းတခုကနေ တခြားစခန်းတခုကိုပြောင်းလိုက် ကျွန်မတို့ရွာနားနီးလာရင် တရွာလုံးပြေးလိုက်ပဲပေါ့။ တရက် ကျွန်မတို့သားအမိတွေ တခြားရွာအလည်သွားနေကြတုန်း အဲ့ရွာပေါ် လေယာဉ် တဝီဝီသံကြားတာနဲ့ အဖေ့ကို ဖုန်းဆက်ပြီး လေယာဉ်လာနေပြီလို့ ဖုန်းဆက်ပြောဖြစ်တယ်။ အဖေက အိမ်ကတံခါးမှန်သမျှ ပိတ်ပြီး သူ့အဝတ်အစားလေးတွေထည့်ကာ ကျွန်မအရီးသုံးယောက်ရယ် အရီးရဲ့ ကလေးလေးရယ်နဲ့အတူ လေယာဥ်ပစ်တာကို ပထမဆုံး ရင်ဆိုင်ခဲ့ကြရတယ်။
အမှန်တော့ ကျွန်မတို့ရွာကို လေယာဉ် ပစ်နေတာမဟုတ်ဘဲ ရွာရဲ့ အနောက်ဖက်က တရွာခြားကို လေယာဉ်နဲ့ပစ်ရင်း စစ်သားတွေလာချတာဖြစ်တယ်။ အဖေနဲ့ အရီးတို့ ငါးယောက်သား လေယာဉ်သံကနီးလာရင် ခြုံထဲပြေးဝပ်လိုက် အသံဝေးသွားရင် ပြေးလိုက်နဲ့ လေယာဥ်ပေါ်က လက်နက်အပြင် မြေပြင်ကိုဆင်းလာမယ့် စစ်သားရန်ကနေ ကြောက်လန့်တကြားပေါ့။ ပြေးနေရင်း လမ်းမှာ လေယာဥ်လာတိုင်း ခြုံထဲပြေးခဲ့ကြရတာ။ ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ။
ကျွန်မတို့တွေဟာ စစ်ကြီးရဲ့ အလယ်ဗဟိုတည့်တည့်ရောက်သွားပြီမိုလို့ တလကို နှစ်ကြိမ်နီးပါးလောက် ထွက်ပြေးနေကြရပါပြီ။ စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့။
ကျွန်မတို့ အကြိမ်ပေါင်းများစွာ ပြေးလွှားနေရသလို ရွာပေါင်းများစွာလည်း မီးလောင်တိုက်သွင်းခံပါတယ်။ နေအိမ်မီးရှို့ခံရတာတွေ၊ အကြမ်းဖက်သတ်ဖြတ်ခံရတာတွေ၊ အိမ်ရှိပစ္စည်းတွေရှာဖွေယူနေတာကို နေရာအနှံ့ခံစားနေကြရတယ်။ ဒီလိုနဲ တရက်တော့ ကျွန်မတို့ မြို့နယ်ကို ပတ်ပြီးထိုးနေတဲ့ စစ်ကြောင်းက ကျွန်မတို့ရွာဆီ စစ်ကြောင်းတည့်တည့်လာပြီး ဆည်ဘောင်ပေါ်ကနေ ရွာကိုစစ်သားတွေ ဦးတည်လာနေပြီမို့ ပြေးကြဖို့ ကင်းစောင့်နေတဲ့ PDF ရဲဘော်တွေက ဖုန်းဆက်သတင်းပေးကြပါတယ်။ အဲ့ဒီမှာရွာရဲ့ တာဝန်ရှိသူတွေက တရွာလုံးကို အရေးကြီးပစ္စည်းအကုန်သိမ်းယူပြီး ရွာကနေ မြန်မြန်ထွက်ကြဖို့ ဆော်ဩပါတော့တယ်။ တရွာလုံး အုံးအုံးကျွတ်ကျွတ်နဲ့ ပြေးကြရတာပါပဲ။
ကျွန်မတို့ မိသားစုလည်း အဝတ်အစားအိတ်နှစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးစီနဲ့ ထွက်ပြေးတိမ်ရှောင်ကြပါတယ်။ တကူးတက ဖောက်ထားတဲ့လမ်းမဟုတ်ဘဲ တောလမ်းကိုဖြတ်ပြီး ဆိုင်ကယ်နဲ့ပြေးရတာမို့ ကျွန်မ ဆိုင်ကယ်လဲပါတယ်။ ဆိုင်ကယ်လဲလို့ နာကျင်ပေမယ့် မငိုအားသလို လဲတဲ့နေရာမှာ အမောမဖြေအားပါဘူး။ ကျွန်မရှေ့မှာရော နောက်မှာပါ ပြေးဖို့စောင့်နေတဲ့ လှည်းတန်းနဲ့ ဆိုင်ကယ်တန်းကြီးကရှိနေတာလေ။ ထွက်ပြေးကြရတာက ကျွန်မတို့ဒေသမှာရှိတဲ့ အမေရေယာဥ်ပွဲတော်သွားသလို အတန်းလိုက်ကြီး ဖြစ်နေလေရဲ့လေ။
ရွာထဲကနေ ထွက်လာပြီး တောထဲအရောက် ရွာထဲ စစ်သားတွေမရောက်သေးဘူးဆိုတာနဲ့ အဖေက စစ်သားတွေနဲ့တွေ့ရင်တောင် မသတ်လောက်ပါဘူးဆိုတဲ့ စိတ်နဲ့ အိမ်ပြန်ပြီး ကျန်နေတဲ့ ပစ္စည်းပြန်အယူ ဘုန်းကြီးကျောင်းထဲ စစ်သားတွေ ရောက်နေပြီဆိုလို့ ကျွန်မက “အမေ ဘာလို့များ ဒီလိုပြောရဆိုရခက်ပြီး မိုက်ရူးရဲဆန်တဲ့ အမျိုးထဲက လူကိုယူရပါလိမ့်” လို့ အမေ့ကို မချိတင်ကဲ ပြောမိပါရဲ့။
ကံကောင်းစွာနဲ့ အဖေက ကျွန်မတို့ဆီ အန္တရာယ်ကင်းကင်းနဲ့ရောက်လာပြီး ကျွန်မတို့ ဘေးလွတ်ရာဆီ သွားကြတဲ့လမ်းမှာ ကျွန်မဟာ ကျွန်မဝင်ငွေနဲ့ အဖေအမေရဲ့ချွေးနည်းစာပေါင်းပြီး ဆောက်လုပ်ထားရတဲ့ အိမ်လေး မီးရှို့ခံရမှာကို စိတ်ပူပြီး မျက်ရည်ကျမိပါတယ်။ အဲဒါကြောင့် ကိုယ်ချင်းစာတာနဲ့ နားလည်တာမတူဘူး ပြောကြတာဖြစ်လိမ့်မယ်။ သူတပါး အိမ်တွေ ဖျက်ဆီးမီးရှို့ခံနေရချိန်မှာ သနားပေမယ့် ကိုယ်တိုင်ကြုံတွေ့လာနိုင်ရချိန်မှာမှ ကိုယ်ချင်းစာမိတော့ပါတယ်။ ကျွန်မတို့အညာမှာ အိမ်တလုံးဖြစ်ဖို့ မလွယ်ပါဘူး။
စစ်သားတွေရွာထဲ ရှိချိန်မှာ ကျွန်မ ဦးလေးတစ်ယောက်ဟာ သူတို့အိမ်မှာတင် ပုန်းကျန်နေခဲ့ပါတယ်။ သူက ကျွန်မတို့အိမ်နဲ့ မဝေးတဲ့ အိမ်ကမို့ ကျွန်မတို့အိမ်ကို စစ်သားတွေ တံခါးတွေဖျက်ပြီး လာယူသွားပြီး ပြန်လိုက်၊ ဦးလေးက တံခါးလာပိတ်ပေးလိုက်လုပ်နေခဲ့တာပါပဲ။ ဒီလိုနဲ့ တရက်ကနေ နှစ်ရက်ရှိလာချိန် စစ်သားတွေက တရွာလုံး အိမ်ပေါက်စေ့ လိုက်ရှာချိန်မှာတော့ ဦးလေးက စစ်သားတွေ အရှေ့ဖက်အိမ်ရောက်ကတည်းက အိမ်အပေါ်ထပ် တက်ပုန်းနေတယ်တဲ့။ စစ်သားတွေက အရှေ့ဖက်အိမ်ကအပေါ်ထပ်မှာ တင်ထားတဲ့ အရက်ပုလင်းတွေကို ကောက်ယူချိန်မှာတော့ “ဟျောင့် မင်း အရက်ပုလင်းကောက်တဲ့အခါ ကိုယ်တော်ကြီးကိုယ်တော်လေးဆီ သေချာတောင်းပန်တောင်းရတယ်၊ ဒီအတိုင်းမယူရဘူး” လို့ စစ်သားတယောက်က တခြားတယောက်ကိုပြောတာ ကြားခဲ့ရတယ်တဲ့။
ကျွန်မတို့ရွာက နတ်ကိုးကွယ်ယုံကြည်မှုရှိပြီး တောင်ပြုန်းကိုယ်တော်ကြီး၊ ကိုယ်တော်လေးကို အရက်ပုလင်းတွေနဲ့ ဆက်သထားတတ်ပါတယ်။ ဦးလေးပုန်းနေတဲ့အိမ်အရောက်မှာတော့ စစ်သားတွေက မောင်လေးသေတ္တာကို ဖွင့်ပြီးအရှာ မြွေတွေ့လို့ “သေပါပြီ၊ မြွေကြီးဟ မြွေကြီး” လို့ အော်ပြောပြီး အိမ်အပြင်ထွက်သွားပါတော့တယ်။ အဲ့လိုသွားရင်း တခြားစစ်သားတယောက်က “ဒီအိမ်က ငမွဲပါကွာ ဖိနပ်တရံတောင်မရှိဘူး၊ အရေးထဲ မြွေကိုက်ခံရမလို့ တော်သေးတယ်” လို့ ပြောသွားကြသတဲ့။ တကယ်တော့ စစ်သားတွေ ကိုင်ခဲ့မိတဲ့ မြွေဟာ ကျိုက်ထီးရိုးဘုရား စောင်းတန်းမှာ ရောင်းတတ်တဲ့ ပျော့အိအိနဲ့ မြွေရုပ်ကလေးဆိုတာကိုတော့ ကျွန်မတို့ သေတ္တာနားမှာကျနေတဲ့ မြွေရုပ်လေးကို ကြည့်ပြီး သိခဲ့ရပါတယ်။ “သေရဲရင် ထွက်ခဲ့” ဆိုတဲ့ စစ်သားတွေဟာ သူတို့အသက်ကို ထိခိုက်မယ့်အရာမှာဖြင့် အရုပ်လား တကယ့်အကောင်လားပင် မခွဲခြားနိုင်ဘူးဆိုတာ သေချာလေး သိလိုက်ရပါတယ်။
စစ်သားတွေ ရွာကထွက်အသွား ရွာကိုဝင်လို့ရပြီဆိုလို့ ကျွန်မတို့ အိမ်ပြန်တဲ့အခါမှာတော့ ရှာချင်တိုင်းရှာထား၊ ယူချင်တိုင်းယူထားတဲ့ ရှုပ်ပွနေတဲ့ အိမ်ကိုမြင်ရတာ စိတ်မချမ်းမြေ့ဖွယ်ပါပဲ။ ပါသွားတဲ့ ပစ္စည်းတွေကို နှမြောစိတ်က သပ်သပ်ဖြစ်ပြီး စစ်တပ်နဲ့ မင်းအောင်လှိုင်ကို တော်လှန်လိုစိတ်က ရင်ထဲမှာ သပ်သပ်ထင်ကျန်ရစ်ခဲ့တယ်။ အခက်အခဲအကြပ်အတည်းတွေကြားက တော်လှန်ရေးတပ်ဖွဲ့တွေကို ရေလိုရင်ရေပေးပြီး ထမင်းဆိုထမင်းကျွေးနိုင်ဖို့ ကျွန်မတို့ အညာဟာ အားကြိုးမာန်တက်နဲ့ တာဝန်ကျေခဲ့ကြတယ်။
မှတ်မှတ်ရရ စာသင်ရင်း တော်လှန်မယ်ဆိုပြီး CDM ဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာက တာဝန်ရှိသူတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ တရွာနဲ့တရွာ၊ တမြို့နယ်နဲ့ တမြို့နယ် အပြိုင်အဆိုင် ကျောင်းတွေဖွင့်ကြတယ်။ လေယာဥ်သံတဝီဝီကြားတိုင်း သွေးအိုင်ထဲက လက်ယပ်ကုန်းက ကလေးတွေရဲ့ လွယ်အိတ်တွေကို သတိရကြပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်တွေကို တွေးခေါ်တတ်တဲ့လူတွေဖြစ်ဖို့ ဆရာတွေရော မိဘတွေရော တော်လှန်ရေးအပေါ် မှာ တာဝန်မကျန်ခဲ့ကြပြန်ဘူး။ တော်လှန်ရေးရဲ့ နေရာတိုင်းမှာ တာဝန်ကျေခဲ့ကြအောင် ကြိုးစားခဲံကြပါတယ်။ ဒီလိုနဲ့ ပုလဲမြို့နယ်ထဲမှာလည်း နေအိမ်မီးရှို့ခံထားရလို့ မီးကျွမ်းနေတဲ့ သွပ်ပြားကြီးတွေကိုင်ပြီး “အိမ်ကိုသာ မီးရှို့လို့ရမယ်၊ စိတ်ဓာတ်နဲ့မြေကြီးကိုတော့ မီးရှို့လို့မရဘူး” လို့ သံပြိုင်ဟစ်ကျွေးနေလေရဲ့။
စစ်သားတွေ စစ်ကြောင်းထိုးပြီး အကြမ်းဖက်သတ်ဖြတ်ခံရတာ၊ နေအိမ်ဖျက်စီးမီးရှို့ခံရတာတွေကြုံရတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကြင်လည်ကျက်စားလို့ တနည်းအားဖြင့် တော်လှန်ရေးကို အားပေးလို့၊ PDF တွေရှိနေလို့ ပြေးရတယ်၊ ခံရတယ်လို့ မခံစားရဘဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စရိုက်ဆိုးတွေ၊ အာဏာရှင်ဆန်မှုတွေကြောင့်လို့သာ နှလုံးသွင်းရင်း တော်လှန်ရေးစိတ်ဓာတ်က အမြစ်တွယ်ရှင်သန်နေတာဖြစ်ပါတယ်။ အာဏာရှင်ကို တော်လှန်လိုစိတ်နဲ့ တော်လှန်နေတဲ့ အညာသူ အညာသားတွေအဖို့ စစ်ဘေးကို ဒုက္ခလို့မတွေးဘဲ စစ်ဘေးက အရိပ်လာမှာမို့ နေပူကစောင့်နေတယ်လို့ တွေးရင်း ဆန်တဗူးရှိရင် တဝက်ခွဲပေးဖို့ မနှေးတဲ့လက်တွေနဲ့ အံတုနေကြလေရဲ့။ ။
Red News Agency