RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကောင်စီတပ်ကို နယ်မြေအတွင်း ရောက်လာပါက လက်လုပ်သေနတ်၊ မိုင်းများဖြင့်သာ တိုက်ခိုက်နေရသည်မှာ (၉) လအထိ ကြာမြင့်သော်လည်း သေနတ်အစစ်မရှိကြောင်း ချင်းတွင်း PDF က ပြောကြားလာသည်။
စစ်ကိုင်းတိုင်း တိုက်ပွဲအစဟု ပြောရလောက်သည့် ယင်းမာပင်မြို့နယ် သပြေအေး ဘုန်းတော်ကြီးကျောင်း စစ်ကောင်စီတပ် ဝိုင်းစဉ်ကတည်းက ရရာလက်နက်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်း မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် စစ်ကောင်စီကို ခုခံတွန်းလှန်မည့်သူများ ပေါ်ပေါက်နေသာ်လည်း သေနတ်အစစ် မရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနေကြောင်း သိရသည်။
ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် ( Chindwin People’s Defense Force) သည် ကနီမြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်က PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုအပါအဝင် လူသိနည်းနေသည့်အဖွဲ့ဖြစ်သည့်အတွက် ပြည်သူများ၏ အကူအညီရရှိမှု နည်းပါးနေကြောင်း သိရသည်။



