မြို့ပေါ်မှာ လက်နက်မရှိတဲ့ အရပ်သားတွေအပေါ် တရားဥပဒေမဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်နေတဲ့သတင်းတွေကြောင့် တောထဲကလူတွေကတောင် မြို့ပေါ်ကို ပြန်ပူနေရသေး။ လက်နက်ရှိတဲ့သူအချင်းချင်းဆို ထိုင်ရှိခိုးမတတ် ကြောက်အားပိုသလောက် အရပ်သားပြည်သူကျတော့ အသက်ကိုဖက်ရွက်လောက်တောင် ပမာမထား နိုင်စားနေပုံ၊ အခြေအနေနှစ်ရပ်စလုံးကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတဲ့အခါမှာ ကိုယ်တို့အတွက် လွတ်မြောက်ရေးလမ်းစဉ်ဆိုတာ လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ တခြားမရှိဘူးလို့ ဘဝပေးအသိအဖြစ် နားလည်လာရပါတယ်။
ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား)
၂.၂.၂၀၂၂ မှာ ဘာတွေ ထူးခြားသလဲ မေးရင် မွေးလူနာ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အပြိုင်အဆိုင် ဗိုက်နာလို့ ဂိုးဖမ်းပြိုင်ပွဲကြီး ကျင်းပရတာပါပဲ။ မထင်မိဘူးလေ။ တောထဲတောင်ထဲလာပြီး ဗိုက်ချင်းပြိုင်နာလိမ့်မယ်လို့။ မွေးခန်းလည်း ၂ နေရာပြင်ရတယ်။ ပစ္စည်းကိရိယာတွေလည်း ၂ စုံစာ ပြင်ရတယ်။ ဆရာဝန် ဆရာမတွေလည်း ဟိုဘက်ပြေး သည်ဘက်ပြေးပေါ့။ ဖြူဖြူထွားထွား သမီးဦးလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ မွေးတာ။
ဒီနေ့မှပဲ လူနာတွေကလည်း စည်လိုက်တာလေ။ မနိုင်လို့ လွှဲရတာချည့် နှစ်ယောက်ရှိတယ်။ လမ်းလေးပွင့်တုန်း သွားကြပါနော်။ ဟိုရောက်တဲ့အခါ အဆင်ပြေဖို့လည်း အများကြီး ဆုတောင်းပေးလိုက်ပါတယ်။ အဖွားက ပေါင်ထိပ်ကျိုးတာ၊ ဦးလေးကြီးက ဆိုင်ကယ်ပေါ်က ကျွမ်းပစ်ပြီး ဂယောင်ခြောက်ခြား နားထဲကသွေးထွက်နေတာ။ ဓါတ်မှန်မရှိတော့ အထင်နဲ့ပဲ မှန်းကုရတယ်။ အပ်နဲ့ထွင်းရမလား ပုဆိန်နဲ့ထွင်းရမလား မသဲကွဲသေးဘူး။
ဒီလိုအခါကျတော့လည်း ငါတို့ နန်းတွေဆီပဲ ပြန်အားကိုးရတာ မဟုတ်လား လို့ စကားနာထိုးပြီး ကိုယ့်ဆီကိုပုတ်ခတ်ဆဲရေးတာက ကိစ္စမရှိပါဘူး။ လူနာကို ငေါက်ငမ်းဆူဆောင့်ပြီး ဟိုပုတ်သည်ပုတ်နဲ့ ရွာလည်ပြီး ဒီအတိုင်းပြန်ရောက်လာမှာသာ စိုးရိမ်တာပါ။ “နင် သိပ်တတ်နေတယ် မှလား။ နင့်ဘာသာကုလေ။” ဆိုတာမျိုးပေါ့။ လူတကာကို သွေးခွဲရန်တိုက်တဲ့ စစ်သားကြီးတွေရဲ့ ဗျူဟာကြောင့် ကိုယ်တို့ဆေးလောကမှာလည်း ပဲဆီ နဲ့ နှမ်းဆီ ရောလို့ မရဘူး ဖြစ်ကုန်ပြီဗျ။ သူတို့ဘက်မှာက လူမရှိဘူး။ ကိုယ်တို့ဘက်မှာက ပစ္စည်းကိရိယာ မရှိဘူး။ ဓါတ်မှန်မရိုက်ပဲ ဘယ်နားကအရိုး ကျိုးမှန်း သိပေမယ့်လည်း တရုတ်ဆရာ ဆေးစည်းသလို ဆေးမြစ်စုံတွေ အုံလွှတ်လိုက်လို့ မဖြစ်သေးဘူး မဟုတ်လား။ (more…)











