“မင်းအောင်လှိုင်ဘက်က ငြိမ်းချမ်းရေးစကားခေါ်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နားတဝိုက်အထိ ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်”
မောင်ဝိ
ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာ ၃ နှစ်အထိရှိလာခဲ့ပြီဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေဘာ့ကြောင့် “သွေးမအေးသေးတာလဲ” ဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ၁၉၈၈ ခုနှစ် တော်လှန်ရေးကာလအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းများ၊ ဆက်သွယ်ရေးပြတ်တောက်မှုများ၊ သတင်းစီးဆင်းမှုအားနည်းခြင်းတို့ကြောင့် ပြည်သူအများစုဟာ လပိုင်းအတွင်း ပုံမှန်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့လို နွေဦးတော်လှန်ရေးကာလမှာတော့ စစ်တပ်အာဏာသိမ်းချိန် ပြည်သူတရပ်လုံးဟာ “စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး” ဆိုတဲ့အထိ ခါးခါးသီးသီး ဖြစ်နေကြပါတယ်။
မှတ်မှတ်ရရအဖြစ်အပျက်တခုကို ပြောပြချင်ပါတယ်။ ၂၀၂၁ အစောပိုင်းကာလမှာ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အသက် ၅၀ ကျော် ကျောင်းဆရာမတဦးအကြောင်း ဖြစ်ပါတယ်။ သူဟာ မြို့နယ်ရဲ့ပညာရေး သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် စစ်တပ်ကဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ခဲ့ပါတယ်။ စစ်ကြောရေးမှာ လူမဆန်စွာ အနိုင်ကျင့်နှိပ်စက်မှုတွေ အပါအဝင်၊ “ဒီလက်နဲ့ လက် ၃ ချောင်းထောင်ခဲ့တာလား” ဆိုပြီး လက် ၃ ချောင်းလုံးအချိုးခံလိုက်ရပါတယ်။ ဒါ့အပြင် ညအိပ်ချိန်မပေးဘဲ အလှည့်ကျနဲ့ တနည်းမဟုတ်တနည်းဖြင့် နှိပ်စက်ခဲ့တယ်။ ပြောရမယ်ဆိုရင် အာဏာသိမ်းခါစအချိန် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြချိန်မှာတောင် အခုလို စစ်တပ်က ရက်စက်ခဲ့ခြင်း ဖြစ်တယ်။
အာဏာသိမ်းကာလ ၁ နှစ်ကျော်လာချိန်မှာတော့ စစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ ကျေးရွာနေ ပြည်သူတွေအပေါ် စံချိန်တင် ရက်စက်ခဲ့ပါတော့တယ်။ တချို့သော ဒေသခံပြည်သူတွေဟာ မိသားစုဘဝရပ်တည်ရေးအတွက် လုံးပန်းနေကြရပြီး၊ တော်လှန်ရေးအပေါ် အာရုံမစိုက်မိတာမျိုးရှိကြပါတယ်။ ဒါပေမယ့် စစ်တပ်က ဒေသခံလူထုရဲ့ နေအိမ်တွေမီးရှို့၊ မိသားစုဝင်တွေအပေါ် သတ်ဖြတ်ခြင်းတွေပြုလုပ်လာတဲ့အပေါ် မှာ နာကျဥ်းမှုတွေနဲ့ တွယ်တာငဲ့ကွက်ရမယ့်အရာတွေ မရှိတော့တာကြောင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ ခုချိန်ထိသွေးမအေးကြပဲ ပိုမိုပါဝင်လာကြခြင်းဖြစ်တယ်။ ဒါအပြင် စစ်ကောင်စီ တပ်သားအများစုဟာ တိုက်ပွဲမှာ သူတို့သာ အသာစီးအနိုင်ရခဲ့မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူခဲ့တာကိုလည်း ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်းစတဲ့ ဖြစ်စဥ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
















