ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန် 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်မှာ မြို့သိမ်းတိုက်ပွဲ ပြင်း‌ထန်နေပြီး ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တို့က ပစ်ချနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ် ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ရွှေပြည်အေးမြို့သစ်ကို ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)ခန္တီးခရိုင်တပ်ရင်း (၁) ဟုမ္မလင်း၊ HPDF-124၊HPDF၊ HPDF မိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုတို့ မြို့၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီတပ်က မြို့ပြန်လည်ထိန်းချုပ်နိုင်ရေး လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။

” ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နေ့လည် (၃:၄၅)နာရီခန့်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သောတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ် ၏ ရဟတ် ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ)နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပျက်ကျအောင်တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ရသည်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရွှေပြည်အေးမြို့သစ်အနီး တိုက်ပွဲကို ဖေဖော်ဝါရီလ (၁) ရက်နေ့က စတင်ပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ တိုက်ပွဲအတွင်း HPDF-124 က ရဲဘော် (၂) ဦး ကျဆုံးခဲ့ရကြောင်း၊ ဒေသခံပြည်သူများကို တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ရှောင်တိမ်းခိုင်းထားကြောင်း သိရသည်။

#RedNewsAgency

By Editor