TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း) ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင်သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံခဲ့ရကြောင်း သိရသည်။

Photo : TNLA ရဲဘော်များ ရိုက်ကူးထားသည်။

စစ်ကောင်စီတပ် အင်အားအများအပြားနှင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် ကုန်းသာကျေးရွာ ဝန်းကျင်မှာ TNLA နှင့် ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည်မှစတင်ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်ကောင်စီတပ် လေကြောင်းမှတဆင့် ပျံသန်းကြည့်ရှုမှုများရှိကြောင်း သိရသည်။

” တိုက်ပွဲကြီး အောင်မြင်စွာပြီးဆုံး စကစ အလောင်း ၄၇ လောင်း အရှင်ဖမ်းဆီးထားသူ ၂၇ ဦးရှိ အကုန်သေးဘူး ကောက်တုန်း” ဟု TNLA ရဲဘော်တဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။

Photo : TNLA ရဲဘော်များ ရိုက်ကူးထားသည်။

ဒီဇင်ဘာလ (၇) ရက်နေ့မှစပြီး စစ်ကောင်စီတပ် လေကြောင်းအသုံးပြု တိုက်ပွဲစတင်ခဲ့သည့်အတွက် ကုန်းသာ ကျေးရွာသူ ရွာသား ကလေးငယ်များအပါအဝင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ (၄၀) ကျော်မှာ တောတွင်း (၈) ရက်ကြာ ပိတ်မိနေပြီး ယနေ့ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် ကုန်းသာရွာတွင်း နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#RedNewsAgency

By Editor