အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။
 
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။
 
” အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက် ဒဏ်ရာရသေးတယ်၊ အခြားဒဏ်ရာရတဲ့ သူရှိနိုင်သေးတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက Red News Agency ကို ပြောသည်။
 
အင်းစိန်ထောင် ယနေ့ နံနက်ပေါက်ကွဲမှု မည်သည့်အဖွဲ့က လုပ်သည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ ဝန်ထမ်းများ ပါဆယ်များကို စစ်ဆေးရင်း ပေါက်ကွဲသွားကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆနေကြကြောင်း စုံစမ်းသိရှိရသည်။
 
Red News Agency
By Editor