ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

RNA_စက်တင်ဘာ( ၁၃)၊၂၀၂၂ခုနှစ်။

ရန်ကုန်မြို့ပြတွင် နေ့စဉ်နီးပါး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ် (၂၀) ဝန်းကျင်ကို ယနေ့ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီး ( ပန်းပင်နီလမ်း ) လမ်းမှာ စစ်ကောင်စီတပ် လက်အောက်ခံများက ဖမ်းဆီးသွားကြောင်း သိရသည်။

” အခုညနေက အတော်များများပါသွားတယ်၊ သပိတ်ထွက်ဖို့စတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ အတိအကျတော့ မသိရသေးဘူး ၂၀ ဝန်းကျင်ရှိလိမ့်မယ်၊ ပထမ ကြားတာက ၁၀ ယောက်ကျော်ပေါ့ နောက်တော့ ဗလကတင် လေးယောက်၊ တကသကလည်း ပါသွားတယ်၊ နောက်ပြီး အခြား အဖွဲ့တွေကလည်း ပါသွားသေးတယ်၊ ကျား ၁၈၊ မ ၉ လို့ထိ စာရင်းထွက်လာတယ် အတိအကျတော့ မသိရသေးဘူး ပါသွားတာများတယ်” ဟု ရန်ကုန်မြို့ပြ သပိတ်ကော်မတီဝင် ရဲဘော်ဇူးက ပြောသည်။

ယနေ့ညနေ ဖမ်းဆီးခံရမှုတွင် ရန်ကုန်မြို့ပြတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ အပါအဝင် သတင်းယူနေသည့် သတင်းထောက်တချို့ပါ ဖမ်းဆီးခံရနိုင်ခြေရှိကြောင်း သိရသည်။

မြို့ပြဆန္ဒပြအဖွဲ့များ ယနေ့ စစ်အာဏာရှင်ကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒပြဖို့ စထွက်ချိန် စစ်ကောင်စီလက်အောက်ခံများက အရန်သင့်စောင့်ဆိုင်းနေကာ ဖမ်းဆီးသွားကြောင်း၊ သပိတ်စစ်ကြောင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံများက သတင်းရရှိထားကြောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ကိုမင်းသူရိန်လည်း ဖမ်းဆီးခံလိုက်ရကြောင်း EYUSU က ထုတ်ပြန်ထားသည်။

Red News Agency

By Editor