RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်မှုဖြစ်ကြရာ စစ်ကောင်စီတပ်က (၁၅) ဦးဝန်းကျင်သေဆုံးသည့်အတွက် လေယာဉ်ပစ်ကူယူကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို မီးရှို့အပြီး ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာဘက် အသွား စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ – SPGF၊ PDF Pauk တပ်ရင်း- ၄၊ PDF Pauk တပ်ရင်း – ၆၊ Pauk Revolution Front – PRF၊ Knight Commander PDF၊ King Fighter – SGF၊Young Revolution Front – YRFတို့နှင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
” လေယာဉ်ပစ်တော့ရဲဘော်တွေက သစ်ပင်တွေရှိတဲ့နေရာတွေကိုပြေးတာပါဗျ။ အဲ့လိုသစ်ပင်တွေ ရှိတဲ့နေရာကိုအဓိကဦးတည်ပစ်တာပါဗျ။ ကျည်မလောက်တာရော၊လေယာဉ်ကြောင့်ရော ပြန်ဆုတ်ခဲ့ရတာပါဗျ” ဟု PDF Pauk တပ်ရင်း- ၄ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ FATTY က Red News Agency သို့ ပြောကြားထားသည်။


မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားပြီး အသေအဆုံးများနေပါက လေယာဉ်ပစ်ကူယူနေရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းများ ကျေးရွာများဘက် လှည့်လည်နေကြစဉ် ရွာစဉ်ရွာဆက် ဒေသခံပြည်သူများထွက်ပြေးနေကြရကြောင်း သိရသည်။
ဓာတ်ပုံ : ဇူလိုင် ၂၈ ရက်နေ့ ညနေက တောင်မြင့်ရွာဘက် တက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အသေအဆုံးများသည့်အတွက် လေယာဉ်ပစ်ကူယူပြီး ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် ကျည်ခွံများဖြစ်သည်ဟု PDF Pauk တပ်ရင်း- ၄မှ ယနေ့ ထုတ်ပြန်ထားသည်။
Red News Agency