ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်၏ အမျိုးမျိုးသော လုပ်ဆောင်မှုများကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ သတိပေးထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား၌ ဇူလိုင်လ (၁၈)ရက်၊ နံနက် (၉) နာရီခန့်က မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သောကြောင့် နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာ အကြား၌ လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီသည် အရပ်သားပြည်သူလူထုများကို ညအချိန်များ၌ ဝင်ရောက်ဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊တရားရေး ဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်း၊ ဖမ်းဆီးရန်ကြိုးစားဆောင်ရွက်ခြင်း၊ ပြည်သူလူထုများ အပေါ်စိုးရိမ်မှုများဆက်တိုက်ပေးနေခြင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်နေခြင်း၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသကဲ့သို့ ပြုလုပ်ထားခြင်း စသည့်အချက်များအပြင် တိုက်ပွဲဖြစ်ပွားလိုသောရန်စမှု၊ ရန်လိုသောအပြုအမူများကို ဆက်လက် ပြုလုပ်နေသောကြောင့် ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် စစ်စခန်းများဖြစ်သော တောင်ပြိုလက်ယာ နခခ (၆)၊ ကြိမ်ချောင်း နခခ (၇)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်းရဲကင်းစခန်း၊ သစ်တုံးနားခွဆုံအနီးရှိ စခန်း၊ မင်္ဂလာညွန့်အနောက်ဘက်ရှိ စခန်းများမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက် ကြီးများဖြင့် ညနေ (၆) နာရီခန့်အထိ တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ အချို့ရှိခဲ့ပြီး လက်နက်ချ အညံ့ခံသော သုံ့ပန်း (၁၄) ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်သည် စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

Red News Agency

By Editor