ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ 

RNA_ဇူလိုင်၁၃၊၂၀၂၂ခုနှစ်။

Photo : Khun John Paul

ကရင်နီပြည်တွင် စစ်ကောင်စီတပ်က ဘုရား‌ဝတ်ပြုကျောင်းများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးခဲ့ရသော်လည်း KNDF BO-1 ရဲဘော်များ ဇူလိုင် ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် တောတွင်းစခန်းတနေရာတွင် ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

” အဓမ္မတိုက်ပွဲမှာ ကျွန်တော်တို့ ဓမ္မဘက်တော်သားများက စစ်မိစ္ဆာတွေကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ရန် ဘုရားသခင်သည် ကျွန်တော့်တို့နဲ့အတူအစဉ်အမြဲရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ထာ၀ရအသက်ချမ်းသာပေးတော်မူသော ကိုယ်တော်ရှင်အဖဘုရားသခင်ထံ လိုရာကျေဇူးတောင်းလျှောက်ရင်း အမှန်တရားအတွက်၊ လှပသောအနာဂတ် အေးချမ်းသောနိုင်ငံ ဖြစ်ဖို့ရန်အတွက် ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီတိုက်ပွဲအောင်မြင်သည့်တိုင် အတူတကွ ဆက်လက်တွန်းလှန်သွားကြရအောင်” ဟု KNDF BO-1 မှ ရဲဘော် Khun John Paul က ပြောကြားထားသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့ရှိ ဘာသာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း၊ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် စသည်တို့တွင် စစ်တပ်အာဏာသိမ်းသည့် ‌၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ ဘာသာရေး အဆောက်အအုံ ၂၁ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Red News Agency

By Editor